Connect with us

Local

မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေး စနစ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ် မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေ ရယူရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

လယ်သမားတစ်ဦး လယ်ထွန်ယက်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၉ ရက်(ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည့် မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေး စနစ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့၏ ၁၈ ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းမှု အစီအစဉ် (IDA-18)ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေ ရယူရန် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်း အဝေးက အတည်ပြုခဲ့သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော် က “ဒေသနဲ့ သင့်လျော်တဲ့ ဈေးကွက်ဝင် အရည်အသွေးကောင်း အထွက်ကောင်း သီးနှံမျိုးသစ်တွေ၊ နည်းပညာ သုတေသနတွေ၊ အစားအသောက်ဆိုင်ရာ သုတေသန လုပ်ငန်းစဉ်တွေ၊ အပင် ကျန်းမာရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားဖို့ ပါရှိပြီး ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ် တွေအရ ဒေသအလိုက် သုတေသန ခြံတွေကို အဆင့်မြှင့်တင်ခြင်း၊ သုတေသန စင်တာများ တည်ထောင်ခြင်း၊ သုတေသန ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ တောင်သူတွေ ပူးပေါင်း ပါဝင်တဲ့ သုတေသန လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ခြင်းများ ပါဝင်တယ်၊ အလားတူ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်းပြီး နယ်စပ်ဒေသအလိုက် ကျွဲနွား ဈေးကွက် တည်ထောင်ရေး လုပ်ငန်းတွေမှာ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဇုန်များ တည်ဆောက်သွားဖို့ အစီအစဉ်တွေ ပါရှိပြီး ဖြစ်ပါတယ်” ဟု အစည်းအဝေး၌ ရှင်းလင်း ဖြေကြားခဲ့သည်။

သီးနှံစိုက်ပျိုးရေးကဏ္ဍမှာ ဒေသအလိုက် ဖြစ်ထွန်းသည့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် ရေးနှင့် အတူ ရိတ်သိမ်းချိန်လွန်ကာလ အရည်အသွေး ထိန်းသိမ်းခြင်း၊ နည်းပညာများ ပံ့ပိုးပေးမှု၊ တန်ဖိုး ကွင်းဆက် (Value chains) အစုအဖွဲ့များ ဖွဲ့စည်းပြီး ဈေးကွက်နှင့် ချိတ်ဆက်မယ့် အစီအမံများလည်း ဆောင်ရွက်ထားကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်မှာ အဓိကကျသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော သီးနှံများ၏ တန်ဖိုး ကွင်းဆက်တစ်လျှောက် လိုအပ်သော ISO ဓာတ်ခွဲခန်းများ အပါအဝင် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ပို့ကုန်အရည်အသွေးနှင့်  စံချိန် စံညွှန်း ထောက်ခံချက်ကို  နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် ၊ ပြုပြင် ထုတ်လုပ်ခြင်း၊ သိုလှောင်ရုံများနှင့် နည်းပညာပေးဌာနများ တည်ထောင်ရေး လုပ်ငန်းစဉ် တို့ပါဝင်ပြီး သီးနှံနှင့် လယ်ယာထုတ်ကုန်များ ဈေးကွက်ပျောက်နေသည့် အခြေအနေကို ပြန်လည် ကုစားနိုင်မည် ဖြစ်ကြောင်း၊ ဈေးကွက်ဖော်ဆောင်ရေးအတွက် ကုန်သွယ်ဖက်နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်ထားသော အစီအမံများ ပါရှိကြောင်း၊ နိုင်ငံအချင်းချင်း ကျွဲနွား ကျန်းမာရေး စစ်ဆေး ခြင်း သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်သောကြောင့် စီမံကိန်း လုပ်ငန်း စဉ်နှင့် ချိတ်ဆက်ပြီး ရောဂါ ကာကွယ်ထိန်းချုပ်ရေးများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ် သည့် အအေးခန်း တည်ဆောက်မှုအစီအစဉ်များ ပါရှိကြောင်း၊ တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ် ရေး အတွက် လိုအပ်သည့် ရောဂါ ကာကွယ်ဆေးများ ဖြည့်ဆည်းမှုနှင့်အတူ တစ်နိုင်တစ်ပိုင်မှ သည် စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ ရည်မှန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့အပြင် COVID-19 ရောဂါကြောင့် ထိခိုက်မှုများအား ကုစားမှု အစီအစဉ်တစ်ရပ်အဖြစ် ရွှေ့ပြောင်းရောက်ရှိလာသူတွေ အပါအဝင် ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် Cash for Work အစီအမံများလည်း ပါဝင်ကြောင်း၊ နိုင်ငံအတွင်း တည် ဆောက်ပြီး ဆည်ရေသောက်စနစ် များတွင် ရှိသော  ရေ လက်တံခွဲမြောင်းများ၊ ရေနုတ် မြောင်းငယ်များ ပြန်လည် တူးဖော်ခြင်းနှင့် ရေဘေး ကာကွယ်ရေး တာတမံများ၊ ရေငန်တား တာတမံများ ကြံ့ခိုင်မှု ရှိစေဖို့ ဆောင်ရွက်မည့် လုပ်ငန်းများတွင် Cash for Work လုပ်ငန်း အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာ ကုန်ထုတ် လုပ်ငန်း၌ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ကန်ထရိုက်စနစ် လယ်ယာများ အကောင် အထည်ဖော်ခြင်း၊ မျိုးစေ့ ထုတ်လုပ်ခြင်း စသည့် လုပ်ငန်းများတွင် ဌာနေပြန် လုပ်သားများနှင့် ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရရှိစေမှာ ဖြစ်ကြောင်း လည်း ဒုတိယ ဝန်ကြီး ဖြည့်စွက် ပြောကြားခဲ့သည်။

“တိုင်းပြည်ထုတ်ကုန်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဖန်တီးပေးထားတဲ့ လယ်ယာကဏ္ဍကြီးမှာ ပိုမို တိုးတက် နိုင်ဖို့အတွက် အခုလို လိုအပ်တဲ့ ငွေကြေးအရင်းအနှီး မြှုပ်နှံမှုများ စီမံ ဆောင်ရွက်ရခြင်းဖြစ်ပါ တယ်၊ အဆိုပြု စီမံကိန်း အနေနဲ့ COVID-19 CERP Component လေးခုနဲ့ ဆက်စပ်မှုလည်း ရှိပြီး ယခုစီမံကိန်းပါ လုပ်ငန်းရပ်များဟာ CERP လုပ်ငန်းရပ်များတွင် ပါဝင်သည့် သတင်းအချက် အလက်များ ဖြန့်ဝေပေးရေး၊ ဈေးကွက် ချိတ်ဆက်နိုင်ရေးနှင့် ထုတ်ကုန် တိုးမြှင့် ထုတ်လုပ်နိုင် ရေး၊ COVID-19 အလွန်ကာလ ပြန်လည် ထူထောင်ရေးအတွက် ကျေးလက်ဒေသ Cash for work အစီအစဉ်များ၊ ဝင်ငွေရမည့် အလုပ်အကိုင်များ ဖန်တီးပေးခြင်း လုပ်ငန်းတွေနဲ့ ချိတ်ဆက်မှု ရှိပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။ 

ယခု စီမံကိန်း အစပြုစဉ်က အမေရိကန်ဒေါ်လာ ၈၅ သန်း ချေးယူရရှိရေးဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လိုအပ်သည့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို ၂၀၁၉  ဇူလိုင်လမှ  ဒီဇင်ဘာ လအတွင်း ဆောင်ရွက်ခဲ့ကြောင်း၊ COVID-19 အခြေအနေအရ ချေးငွေ ပမာဏ သန်း ၂၀၀ အထိ တိုးမြှင့်ပေးဖို့ ကမ်းလှမ်းလာသောကြောင့် မူလ စီမံကိန်း ရည်မှန်းချက်တွေ အပေါ် အခြေပြုပြီး COVID-19 အပေါ် လတ်တလောနှင့် ရေရှည် ကုစားနိုင်မယ့် နည်းလမ်းများ တိုးချဲ ့ဆောင်ရွက် နိုင်ဖို့အတွက် ယခုကဲ့သို့ ဆောင်ရွက်လာ ရခြင်းဖြစ်ကြောင်း၊  ယခု စီမံကိန်းကို ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ ပိုမို တိုးတက် ထုတ်လုပ်လာ နိုင်မှာ ဖြစ်ကြောင်း၊ ဒေသ ရေမြေနှင့် ကိုက်ညီမည့် သီးနှံ အမယ်စုံ တိုးချဲ ့စိုက်ပျိုးနိုင်မှု အပေါ် များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ တန်ဖိုးကွင်းဆက် Value Chains ဖွံ့ဖြိုး တိုးတက် ခြင်းဆိုင်ရာ လုပ်ငန်းများဟာ လည်း လိုက်လျောညီထွေ ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ကြောင်း၊ တောင်သူများ ပါဝင်သည့် သီးနှံ တန်ဖိုးကွင်းဆက် အစုအဖွဲ့များ အနေဖြင့် ထုတ်ကုန်များကို သင့်လျော်သည့် ဈေးဖြင့် ရောင်းချနိုင်သည့် စွမ်းရည်မြင့်မားလာကာ ဝင်ငွေ တိုးပွားလာနိုင် ကြောင်း၊ အစုအဖွဲ့များအနေဖြင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်လာနိုင်ပြီး ပိုင်ဆိုင်မှုများ ရရှိလာကာ ခိုင်မာသည့် ဈေးကွက် ရရှိစေသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း၊ COVID-19 ရောဂါကြောင့် နိုင်ငံ စီးပွား ထိခိုက်ရမှုများကို ကုစား နိုင်ခွင့်သာ မကဘဲ COVID-19 အလွန် ကာလအတွက် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာစေရန် များစွာ အထောက်အပံ့ ရရှိမှာ ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်ရန်မရှိ သဘောတူ အတည်ပြုခဲ့ ခြင်း ဖြစ်သည်။ (Xinhua)