Connect with us

Local

အီးယူ ကုန်သွယ်မှု အခွင့်အရေး စိစစ် လေ့လာရေး အဖွဲ့အနေဖြင့် ကဏ္ဍအစုံ တွေ့ဆုံဆွေးနွေးမှု အပြီး ဖြစ်သင့်ဖြစ်ထိုက် သော ချင့်ချိန်မှုမျိုး ပြန်လည်တင်ပြခြင်း ဖြစ်ရန် မျှော်လင့်ဟု UMFCCI ထုတ်ပြန်


ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

အီးယူ ကုန်သွယ်မှု အခွင့်အရေး စိစစ် လေ့လာရေး အဖွဲ့(EU EBA Monitoring Mission) လာရောက်ခဲ့သည့် ကိစ္စ အပေါ် ကဏ္ဍအစုံ နှင့် တွေ့ဆုံ ဆွေးနွေးမှု အပြီးတွင် ဖြစ်သင့် ဖြစ်ထိုက်သော ချင့်ချိန်မှုမျိုးနှင့် ပြန်လည် တင်ပြခြင်း ဖြစ်ရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့ကြောင်း ယနေ့အောက်တိုဘာ ၃၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှတဆင့် သတင်း ထုတ်ပြန်ခဲ့သည်။

အီးယူ ကုန်သွယ်မှု အခွင့်အရေး စိစစ် လေ့လာရေး အဖွဲ့သည် မြန်မာနိုင်ငံတွင် ရခိုင် အပါအဝင် အခြားဒေသများတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ ၊ နိုင်ငံ အတွင်း အလုပ်ရှင် ၊ အလုပ်သမား တို့၏ လုပ်ငန်းခွင် အခြေအနေများ ၊ ဆက်ဆံရေးများအား စိစစ် သုံးသပ် လေ့လာရေး အတွက် မြန်မာနိုင်ငံသို့အောက်တိုဘာလ နောက်ဆုံးအပတ်တွင် လာရောက်ခဲ့သည်။

အီးယူ ကုန်သွယ်မှု အခွင့်အရေး စိစစ် လေ့လာရေး အဖွဲ့လာရောက်သည့် ကိစ္စရပ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ UMFCCI တွင် ပြုလုပ်စဉ်(ဆင်ဟွာ)

ထိုခရီးစဉ် အတွင်း အီးယူ အဖွဲ့သည် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော အလုပ်သမားများနှင့် လူမှု ပတ်ဝန်းကျင် အပေါ် အထူးအားဖြင့် အထည်ချုပ် ၊ ဖိနပ်ချုပ် စသည့် CMP ကဏ္ဍ နှင့် စိုက်ပျိုးရေး ကဏ္ဍများ အပေါ် ကုန်သွယ်မှု အထူးခံစားခွင့်၏ အကျိုးသက်ရောက်မှုကို နားလည် သဘောပေါက် လက်ခံသွားကြမည်ဟု အသင်းချုပ် အနေဖြင့် ယုံကြည်ပါကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့၊ အီးယူရုံး၌ Deputy Director General of European Commission,Directorate General of Trade မှ Mrs.Helena Konig ဦးဆောင်သော အဖွဲ့နှင့် UMFCCI ဦးဆောင်သော စီးပွားရေး အသိုင်းအဝိုင်းများနှင့် တွေ့ဆုံ ခဲ့ကြသည်။မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွင် ဥရောပသမဂ္ဂ(အီးယူ)သည် စွမ်းစွမ်းတမံ ကူညီ ဆောင်ရွက် ပေးခဲ့ ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် ပြုပြင် ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိနေစဉ် အခါတွင် နိုင်ငံ၏ လက်ရှိအခြေအနေများကို ရေရှည် တိုးတက် ဖွံ့ဖြိုးစေရန် အီးယူ အပါအဝင် နိုင်ငံတကာမှ အားပေး ကူညီရန် အသင်းချုပ် အနေဖြင့် အထူး မျှော်မှန်းပါကြောင်း ထုတ်ပြန်ခဲ့သည်။

UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “ကျွန်မတို့ဆီက ရသွားတဲ့ message ကလဲ ကျွန်မတို့ အနေနဲ့အထူး ကုန်သွယ်မှု ခံစားခွင့်ကို ရနေတာဟာ ကျွန်မတို့တိုင်းပြည် အတွက် တော်တော်ကို အကျိုးရှိတယ်လို့အဲလို သတင်းမျိုး ပေးတယ်။ ဘာကြောင့်လဲ ဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရတယ်။ရင်းနှီးမြှုပ်နှံမှုတွေ လာတယ်။အလုပ်အကိုင် အခွင့်အလမ်းက အလုပ်သမားက တိုက်ရိုက် ရတယ် ဆိုပေမယ့် သူနဲ့သွယ်ဝိုက်တဲ့ သူ့လူမှု ပတ်ဝန်းကျင်ပါ အကုန်လုံး ရသွားတာ။ဒီလို လူမှု ပတ်ဝန်းကျင် အထိကို သက်ရောက်မှုတွေ ရှိနေတယ်လို့ကြိုးစားတော့ ပြနိုင်ခဲ့ပါတယ်။”ဟု သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ EU ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ အကြောင်းအရာနှင့် ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၊ အီးယူရုံး၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(CTUM) ၊ မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(MICS) နှင့် အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အလုပ်သမား သမဂ္ဂများ သည် စီးပွားရေးပိတ်ဆို့မူ ပြုလုပ်မည့်ကိစ္စကို ကန့်ကွက်ကြောင်း၊ မိမိတို့ အလုပ်သမားများသာမက အလုပ်ရှင်များ၊ ပြည်သူများ၊ နိုင်ငံသားများအားလုံးအရေးကိစ္စ ဖြစ်ကြောင်းနှင့် ကန့်ကွက်ဆွေးနွေးခြင်း ဆက်လက်ဆောင်ရွက်သွားမည် ဟု တင်ပြသွားခဲ့ကြောင်း CTUM မှ ထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယား နိုင်ငံ နှင့် မြန်မာနိုင်ငံအား ဥရောပသမဂ္ဂ(အီးယူ)မှ ကုန်သွယ်မှု အထူးခံစားခွင့်အား ပြန်လည် ရုပ်သိမ်း မည်ဟု EU ဘက်မှ သတိပေး ပြောဆိုမှုများ ရှိကြောင်း သတင်းဌာနများက ဖော်ပြမှုများ ရှိသကဲ့သို့မြန်မာ အထည်ချုပ် လုပ်ငန်းရှင်များ အနေဖြင့် စိုးရိမ်မှုများ ရှိကြသည်ဟု ဆိုသည်။မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ပ ပို့ကုန် ကဏ္ဍတွင် သဘာ၀ ဓာတ်ငွေ့ကဏ္ဍသည် အများဆုံး ဖြစ်ပြီး အထည်ချုပ် ကဏ္ဍသည် ဒုတိယ အများဆုံး တင်ပို့ထားကြောင်း သိရသည်။(Xinhua)