Connect with us

Business

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများ အောက်တိုဘာလ (၂)ရက်မှ စတင်၍ မှတ်ပုံတင်နိုင်

ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်က ကျင်းပသည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System ဖွင့်လှစ်ခြင်းအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- UMFCCI)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂)ရက်မှ စတင်၍ eComReg System(https://www.ecomreg.gov.mm) တွင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်က ကျင်းပသည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System ဖွင့်လှစ်ခြင်းအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- UMFCCI)

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ အနေဖြင့် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ယနေ့မှစတင်၍ မှတ်ပုံတင်နိုင်ပြီဖြစ်ပြီး ခြောက်လအတွင်း မှတ်ပုံတင်သည့်သူများ အွန်လိုင်းကြေး ၃,၀၀၀ ကျပ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးအတွက် eComReg System အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်တွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေး အသိပညာပေး အစီအစဉ်နှင့် eComReg System စနစ်ဖွင့်လှစ်ခြင်းအခမ်းအနားအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “အွန်လိုင်းစနစ်နဲ့ ရောင်းချတာကို မှတ်ပုံတင်တော့ လုပ်သွားဖို့ရှိပါတယ်။ သူတို့က အချိန်က ၆ လလောက်ပေးထားတော့ အဲဒီအချိန်အတွင်းတော့ မှတ်ပုံတင်မှာပါ။ အွန်လိုင်းကနေ Live Sale နဲ့ ရွှေရောင်းတာကတော့ သူ့မိတ်နဲ့သူပါပဲ” ဟု ဆင်ဟွာသို့ ယနေ့ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အွန်လိုင်းမှ ရောင်းချသည့် စီးပွားရေးပုံစံခေတ်စားလာခဲ့သည်။ မိမိနေအိမ်မှ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ချင်သူများ အနေဖြင့်လည်း Page တစ်ခုဖွင့်လှစ်ကာ အွန်လိုင်းမှတစ်ဆင့်ရောင်းချမှုများလည်း ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ပိုမိုများပြားလာခဲ့သည်။

အွန်လိုင်းတွင် Page ဖွင့်၍ တစ်ပိုင်တစ်နိုင်ရောင်းချနေသူတစ်ဦးက “မှတ်ပုံတင်တာက မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ လုပ်မှာပါ။ ကျွန်မတို့အနေနဲ့ကတော့ တစ်ပိုင်တစ်နိုင်ပဲ လုပ်တာဆိုတော့ ဝန်ကြီးဌာနရဲ့ အသေးစိတ် အချက်အလက်ကိုတော့ သေချာမသိသေးဘူး။ customer ယုံကြည်ဖို့ဆိုတာကတော့ အများစုသော ဝယ်ယူသူတွေက ငွေကြိုပေးပြီး ပစ္စည်းမမှာချင်ကြဘူး။ Cash on Delivery ဆိုရင် Page ကို ပိုယုံကြည်တာတွေ့ရပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၂ ရက်တွင်ပြောသည်။

အွန်လိုင်းမှ ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားလိုပါက https://www.ecomreg.gov.mm တွင် မိမိအသုံးပြုသော email (သို့) Mobile Phone Number ဖြင့် Sign Up (Register) ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထို့နောက် Apply ကို နှိပ်၍ မိမိတို့၏ Online Sales အတွက် Registration Form များကို ဖြည့်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် Online Payment ပေးဆောင်၍ မိမိ၏ Online Sales Registration Certificate ကို Print/PDF ထုတ်ယူကာ ရရှိလာသော Certificate ၏ QR Code Link ကို မိမိတို့၏ Dashboard တွင် Copy ယူ၍ မိမိတို့၏ Online Sales (eCommerce) Website များတွင် တင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Online တွင်မှတ်ပုံတင်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအတွက်အမိန့်ကြော်ငြာစာကို https://shorturl.at/bcpq4 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Online မှ မှတ်ပုံတင်ခြင်းလိုအပ်သည့် အဆင့်များကို https://shorturl.at/eqrzK တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.