Connect with us

Business

ခရီးသွားများ သွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အကြံပြုချက်ထုတ်ပြန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ဆိုင်းနေကြသည့် ခရီးသည်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ခရီးစဉ်စီစဉ်တဲ့ Tour ကုမ္ပဏီတွေ ခရီးစဉ်ဆွဲရတာအဆင်ပြေစေရန်၊ ခရီးသွားဧည့်သည်များ ခရီးစဉ်ရွေးချယ်ရ အဆင်ပြေစေရန် ရည်ရွယ်၍ ခရီးသွားများ သွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသ ၁၄ ခုကို ထုတ်ပြန်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၂ ရက်တွင်ပြောသည်။

“အကျိုးကျေးဇူး ၂ ခုကတော့ မြန်မာနိုင်ငံကို လာလည်ချင်တဲ့ ခရီးသွားဧည့်သည်တွေ ဘယ်ကိုသွားလို့ရမလဲဆိုတာကို အစိုးရဝန်ကြီးဌာနကနေ ထောက်ခံထားတဲ့ နေရာတွေဆိုတော့ ခရီးသွားတွေ ရွေးချယ်ရလွယ်ကူတာပေါ့”ဟု ဒေါ်သက်သက်ခိုင် က ပြောသည်။

သာယာကောင်းမွန်သည့်ရာသီဥတုနှင့် တောတောင်ရေမြေ သဘာဝအလှအပများအား လေ့လာကြည့်ရှု ခံစားနိုင်စေရန် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် လာမည့်ပွင့်လင်းရာသီကာလအတွင်း ဦးစား ပေး သွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသ (၁၄)ခုကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွား အကြံပြုချက် (၈/၂၀၂၃)ဖြင့် စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးစဉ်ဒေသ (၁၄) ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအို၊ ငွေဆောင်၊ ချောင်းသာ နှင့် ငပလီ ကမ်းခြေတို့ဖြစ်သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က “ဒီလို ထုတ်ပြန်ပေးတဲ့အတွက် အများကြီးအကျိုးသက်ရောက်မှု ရှိပါတယ်။ အရင်က ကျွန်တော်တို့ခရီးသွားမယ်ဆိုရင် ဘယ်နေရာတွေက စိတ်ချလက်ချ သွားနိုင်လဲဆိုတဲ့မေးခွန်းက အမြဲမေးနေကျပေါ့။ ဟိုတယ်နဲ့ ခရီး (ဝန်ကြီးဌာန)က ဒီနေရာတွေကို သွားနိုင်တယ်ဆိုတော့ ပြည်တွင်းခရီးသွားတွေအတွက် အလားအလာကောင်းနေတဲ့အချိန်မှာ အရှိန်မြှင့်ပေးလိုက်သလိုဖြစ်သွားတာပေါ့” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

ယင်းအကြံပြုချက်တွင် ခရီးသွားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြင့် ထင်ရှားကျော်ကြားသည့် သမိုင်းဝင်ဘုရား၊ စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အဦများ၊ တိုင်းရင်းသားလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကိုပါ ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါခရီးစဉ်ဒေသ ၁၄ ခု၏ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့် သွားလာ လည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ website များ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၇၅၁,၂၁၆ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ လာမည့်ပွင့်လင်းရာသီတွင် ခရီးသွားကဏ္ဍ ပိုမိုကောင်းမွန်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ဒေါ်သက်သက်ခိုင်က “မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍက တိုးတက်လာမယ်လို့မျှော်မှန်းပါတယ်။ ဘာလို့လဲဆိုတော့ အခြေအနေကောင်း သုံးရပ်ရှိပါတယ်။ တစ်က ကိုဗစ်ပြီးသွားပြီ။ ပြီးရင် ပွင့်လင်းရာသီဖြစ်တဲ့ ခရီးသွားရာသီရောက်လာပြီ။ နောက်ပြီး တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ခရီးသွားတွေကို Visa on Arrival လည်း ခွင့်ပြုလိုက်ပြီ။ တရုတ်နိုင်ငံက ခရီးသွားလာသူက ကမ္ဘာမှာ ပထမဖြစ်နေပါတယ်။ တရုတ်အစိုးရကနေ Package Tour တွေသွားဖို့ မြန်မာနိုင်ငံကိုလည်း လည်ပတ်ခွင့်ပြုလိုက်ပြီ ဆိုတော့ Tourism တိုးတက်ဖို့ အလားအလာရှိနေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.