Connect with us

Stock Market

စတော့ အိတ်ချိန်းတွင် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို မေလ ဒုတိယပတ်တွင် စတင် အရောင်းအဝယ် ပြုလုပ်နိုင်မည်

ရန်ကုန်မြို့ရှိ စတော့ အိတ်ချိန်းရုံးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

စတော့ အိတ်ချိန်းတွင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်၏ ရှယ်ယာများကို မေလ ဒုတိယပတ်မှ စတင် အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ယနေ့ဧပြီလ ၂၉ ရက်တွင် ဆင်ဟွာသို့ပြောသည်။

“ကျွန်တော်တို့ စတော့ အိတ်ချိန်းမှာ ပါဝင် ရောင်းချနိုင်ဖို့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကျန်နေလို့ပါ။ မေလ ဒုတိယပတ်မှ စတင် ဝင်ရောက်နိုင်မှာပါ။ စတော့အိတ်ချိန်းမှာ ဝင်ရောက်တဲ့အခါ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရှယ်ယာ တန်ဖိုးတွေကို မျှတအောင် ပြင်ဆင် သတ်မှတ်နိုင်ဖို့ လုပ်နေပါတယ်”ဟု မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

ယခင်က မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်၏ အစု ရှယ်ယာများကို စတော့ အိတ်ချိန်းတွင် ဧပြီလ ၂၉ ရက်မှ စတင် အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြား ထားသော်လည်း လုပ်ငန်းစဉ်များ မပြီးပြတ်သေးသည့် အတွက် ရွှေ့လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

စတော့ အိတ်ချိန်းတွင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ရာတွင် အဓိက အကြံပေး ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် CB Securities ကုမ္ပဏီမှ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီ၏ ရှယ်ယာများကို တာဝန်ယူ ဝန်ဆောင်မှု ပေးမည့် ကုမ္ပဏီမှာ CB အပါအဝင် ၅ ခု ရှိကြောင်း သိရသည်။

မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများကို စတင် ရောင်းချခဲ့စဉ်က ရှယ်ယာ တစ်စုကို ကျပ် ၁၀,၀၀၀ နှင့် ရောင်းချခဲ့ကြောင်း လက်ရှိအချိန်တွင် အစုရှယ်ယာရှင်ပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး ရှယ်ယာ ရောင်းချထားမှုမှ တစ်ဆင့် ရရှိသည့် အရင်းအနှီး ငွေကျပ် သန်းပေါင်း ၄၀ ရှိကြောင်း သိရသည်။

ယခုအချိန်တွင် စတော့ အိတ်ချိန်းမှ တစ်ဆင့် ရှယ်ယာ ထုတ်ရောင်းရန် အများပိုင် ကုမ္ပဏီ ၆ ခု အား ခွင့်ပြုထားပြီး FMI ကုမ္ပဏီသည် အရောင်းအဝယ် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.