Connect with us

Economy

ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်သည် စိန်ခေါ်မှုအန္တရာယ်များနှင့် ရင်ဆိုင်နေရ

၂၀၁၈ ခုနှစ် APECကုန်သွယ်ရေး ထိပ်သီး အစည်းအဝေးတွင် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးစဉ်( ဆင်ဟွာ )

ပေကျင်း ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အမေရိကန်က ဇွန်လ ၁ ရက်နေ့မှစ၍ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကစီကို နိုင်ငံများအား သံမဏိနှင့်အလူမီနီယံခွန်စည်းကြပ်မည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်လာသည်။ ဝါရှင်တန်၏ ဤလုပ်ရပ်မှာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပျက်စီးစေမည့်အန္တရာယ်များ ထပ်တိုးစေသောကြောင့် နိုင်ငံတကာက စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြသည်။

အမေရိကန်၏ထိုဆုံးဖြတ်ချက်ကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron )က တရားမဝင်မူဘောင်မဲ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု လည်းကောင်း၊ ဥရောပကော်မရှင် ဥက္ကဌJean-Claude Junckerက ကိုယ်ကျိုးစီးပွားကာကွယ်မှုသက်သက်သာဖြစ်သည်ဟု လည်းကောင်း၊ ကနေဒါ အစိုးရက အမေရိကန်၏လုပ်ဆောင်ပုံမှာ လုံးဝလက်ခံနိုင်စရာမရှိဟု လည်းကောင်း အသီးသီးဝေဖန်ပြောဆိုခဲ့ကြသည်။ ထို့အပြင် ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့က အမေရိကန်၏အခွန် စည်းကြပ်မှုကို တန်ပြန်လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အငြင်းပွားမှု ဆိုင်ရာ ဖြေရှင်းစနစ်ကို သုံး၍ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု ကြေညာခဲ့သည်။

ကမ္ဘာ့စီးပွားရေးနာလန်ထူရန် ကုန်သွယ်ရေးတိုးမြှင့်ရန်လိုအပ်နေသည့် လက်ရှိကာလတွင် ကုန်သွယ်ရေးပွတ်တိုက်မှုက တစ်ကမ္ဘာလုံးကို ထိခိုက်နစ်နာစေပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ကုန်သွယ်ရေးစစ်ပွဲရေရှည်ဖြစ်ပွားမှုတွင် နိုင်သူမရှိ အရှုံးများသာရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏စိုးရိမ်မှုသည် နိုင်ငံအများစု၏ စိုးရိမ်ကြောင့်ကြမှုပင် ဖြစ်သည်။

လွတ်လပ်သောကုန်သွယ်ရေးနှင့်ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်သည် နိုင်ငံအသီးသီး၏စီးပွားရေးကို ဖြစ်ထွန်းစေနိုင်သည့် ဆောင်ရွက်မှုစနစ်တစ်ခုဖြစ်ကြောင်း သမိုင်းတွင် လက်တွေ့ သက်သေထူပြီး ဖြစ်သည်။ အတိတ်ကာလက စီးပွားရေးဆုတ်ယုတ်မှုကို ရင်ဆိုင်လာရသည့်အခါတွင် နိုင်ငံအချို့က ကိုယ်ကျိုးစီးပွားကာကွယ်မှုစနစ်ကို အသုံးပြုဆောင်ရွက်ကြသောကြောင့် ကုန်သွယ်ရေး စစ်ပွဲစတင်ခဲ့ရာ အခြေအနေဆိုးဝါးလာပြီး တစ်ကမ္ဘာလုံး အကျိုးအမြတ်များပေးဆပ်ခဲ့ရသည်။

လွန်ခဲ့သော ၁၀နှစ်က နိုင်ငံတကာဘဏ္ဍာရေးအကြပ်အတည်း ဖြစ်ပွားချိန်တွင် နိုင်ငံအသီးသီး နှင့်စီးပွားရေး အဖွဲ့အစည်းများအကြား မူဘောင်အသီးသီးမှ ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းဖြေရှင်း ခြင်း၊ ပေါ်လစီ ညှိနှိုင်းခြင်း ဖြင့် စီးပွားရေးဆုတ်ယုတ်မှုအခြေအနေကို ပြန်လည် ထိန်းညှိကာ ကမ္ဘာ့ စီးပွားရေးကို ပြန်လည်နာလန်ထလာအောင် ပူးပေါင်းဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ ကျင့်သုံး ဆောင်ရွက်နေသည့် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်သည် သမိုင်းကပေးသည့်သင်ခန်းစာကိုရယူပြီး အတူတကွ ခက်ခက်ခဲခဲ ထိန်းသိမ်းတည်ဆောက်ထားသည့် အောင်မြင်မှု ရလဒ်ဖြစ်သောကြောင့် စွန့်လွှတ်ဖျက်ဆီးခြင်းသည် ဆင်ခြင်တုံမဲ့ လုပ်ရပ်ဖြစ်သည်။

ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်သည် ကုန်သွယ်ရေးမညီမျှမှုကို ဖြေရှင်းထိန်းညှိသည့်အခြေခံဖြစ်ပြီး ကုန်သွယ်ရေးမညီမျှမှုကို ဖြစ်ပေါ်စေသည့် အကြောင်းတရားမဟုတ်ပါ။ ယင်းစနစ်ကို ဖျက်ဆီးခြင်းသည် မရောင်ရာဆီလူးနေခြင်းပင်ဖြစ်ရာ နိုင်ငံအသီးသီးက မိမိနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန် အခြားသူအား ချောက်ထဲတွန်းခြင်းဟူသော စနစ်ဟောင်းကို ပြန်ရောက်သွားစေမည်သာ ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးမညီမျှမှုဆိုသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံတကာ၏လုပ်ငန်း တာဝန်ခွဲဝေမှု (international division of labor)များအကြား ဖြစ်ပေါ်လာသည့် လက္ခဏာတစ်ခုဖြစ်ရာ နိုင်ငံတကာက ဆွေးနွေးညှိနှိုင်းခြင်း ၊ လုပ်ငန်းတာဝန်ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲခြင်းဖြင့် အဖြေရှာရန် လိုအပ်သည်။ ဘက်စုံကုန်သွယ်မှုစနစ် ပြိုကွဲသွားပါက နိုင်ငံတကာ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေခံ ပလက်ဖောင်းလည်း ပျက်စီးသွားမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူးChristine Lagardeက နိုင်ငံအသီးသီး ဘက်ပေါင်းစုံမူဘောင်အောက်တွင် ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ကြပြီး ကမ္ဘာ့ကြီးတွင် ပိုမိုဖွံ့ဖြိုးတိုးတက်သည့် တည်ငြိမ်အေးချမ်းသည့် အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်ယနေ့အချိန်သည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို နိုင်ငံခြားလုပ်ဆောင်မှုများပြားနေသည့်ခေတ်၊နိုင်ငံအချင်းချင်းအပြန်အလှန်မှီခိုနေရသည့် ခေတ်ကြီးဖြစ်ရာ ပြင်သစ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေးနှင့်မဟာဗျူဟာသုတေသနဌာန ပညာရှင် ဂေါလ်ဝေမက်လီ ဆိုသကဲ့သို့ ကုန်သွယ်ရေးစစ်ပွဲတွင် နိုင်သူမရှိနိုင်ပေ။

ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်နှင့်တရားဥပဒေစိုးမိုးရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းကြမည် လား၊ တစ်ဖက်သက်ကိုယ်ကျိုးစီးပွားကာကွယ်ပြီး ရှေးသမိုင်းကြောင်းကို ပြန်လည်လျှောက်လှမ်း ကြမည်လား ဆိုသည့် ယနေ့ခေတ် အမေးပုစ္ဆာကိုတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီး မိမိနိုင်ငံနှင့် နိုင်ငံတကာလူမှုအဖွဲ့အစည်းအတွက် တာဝန်သိသိ ဖြေရှင်းရန် လိုနေပါသေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117