Connect with us

Politics, Law & Military

တရုတ်တွင် တောရိုင်းတိရစ္ဆာန် တရားမဝင် မှောင်ခိုရောင်းချသူ ၃၂ ဦးအား ထောင်ဒဏ်များ ချမှတ်

တရုတ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် သင်းခွေချပ် အကြေးခွံများအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ်ရှိ လူ ၃၂ ဦးအား မျိုးတုန်းမည့် အန္တရာယ် ကြုံတွေ့နေသော တောရိုင်း တိရစ္ဆာန်များ တရားမဝင် မှောင်ခိုရောင်းချမှု ဖြင့် ထောင်ဒဏ် ၁၃ နှစ် အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် မြို့နှင့် ပြည်နယ် ၁၀ ခုမှ သင်းခွေချပ်များ၊ ဝက်ဝံ လက်သည်းများ နှင့် ပုတ်သင်များ အပါအဝင် တရုတ်ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၅.၂ သန်း) တန်ဖိုးရှိ တောရိုင်း တိရစ္ဆာန်များကို မှောင်ခို ရောင်းချခဲ့သည့် အတွက် အပြစ်ရှိကြောင်း ယုံကျား စီရင်စု ပြည်သူ့ တရားရုံးက ဇွန်လ ၇ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ အမှုတွင် မျိုးရိုးအမည် ခန် ဟုခေါ်သည့် အဓိက တရားခံ ဖြစ်သူအား ထောင်ဒဏ် ၁၃ နှစ်နှင့် ငွေဒဏ် ယွမ် ၁၃၀,၀၀၀ ချမှတ်ခဲ့ပြီး အခြားလေးဦးကို ထောင်ဒဏ် ၁၀ နှစ်ကျော်နှင့် ခန်၏ ဇနီးအား ထောင်ဒဏ် ၆ နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
ကျန် တရားခံများအား ဆိုင်းငံ့ ထောင်ဒဏ် ၄ လ မှ ၃ နှစ် အထိ ချမှတ် ခဲ့ကြောင်း သိရသည်။
တရားခံ ၁၀ ဦးကျော်သည် စားသောက်ဆိုင်နှင့် ကလပ်ပိုင်ရှင်များ ဖြစ်ပြီး ၎င်းတို့သည် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများကို ဟင်းလျာအဖြစ် ချက်ပြုတ်ရောင်းချရန် ဝယ်ယူခဲ့ကြကြောင်း တရားရုံးက ပြောသည်။
ဒေသခံ ရဲတပ်ဖွဲ့သည် စီးနင်းမှု တစ်ခု အတွင်း တောရိုင်းတိရစ္ဆာန် အကောင်ရေ ၁,၅၀၀ ကျော်ကို ဖမ်းဆီး ရမိပြီး နောက်တစ်နှစ်တွင် မှောင်ခိုမှုအား ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သင်းခွေချပ်များသည် တရုတ်နိုင်ငံ ဒုတိယ အဆင့် ကာကွယ် ထိန်းသိမ်းထားသည့် တောရိုင်းတိရစ္ဆာန် ဖြစ်သော်လည်း ၎င်းတို့၏ အသားသည် အရသာရှိပြီး အကြေးခွံများသည် ဆေးဖက်ဝင်သည်ဟု ယုံကြည်ကြသည့် အတွက် မကြာခဏ တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်း ခံနေရကြောင်း သိရသည်။
တရုတ်နိုင်ငံ ရာဇဝတ်မှု ဆိုင်ရာ ဥပဒေများအရ နိုင်ငံတော်မှ ကာကွယ်ထားသည့် စာရင်းတွင် ပါဝင်သော မျိုးတုန်း ပျောက်ကွယ်လု နီးပါး ဖြစ်နေသည့် တောရိုင်း တိရစ္ဆာန်များအား တရားမဝင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းချခြင်းတို့ ပြုလုပ်သူအား ထောင်ဒဏ် ၁၀ နှစ် အထက် နှင့်အတူ ဒဏ်ငွေပါ ပူးတွဲ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.