Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သည် အိန္ဒိယနိုင်ငံ နှင့် ခိုင်မာသည့် ဆက်ဆံရေး ကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း သမ္မတရှီပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ တို့ G20 ထိပ်သီးအစည်းအဝေး၌ လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ နှင့် ခိုင်မာသည့် ဆက်ဆံရေး ကို ဆက်လက်ထိန်းသိမ်းသွားရန် နှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၄ ရက်ကပြောကြားလိုက်သည်။

ရှီသည် ဟန်ကျိုးတွင် ပြုလုပ်သော G20 ထိပ်သီးအစည်းအဝေး ပြင်ပ၌ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ နှင့်သီးသန့်တွေ့ဆုံပွဲတွင် ထို့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက နှစ်နိုင်ငံလုံးသည် ကောင်းမွန်တည်ငြိမ်ပြီး အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးနေသည့် ဆက်ဆံရေးကို တွေ့မြင်ခဲ့ပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အဖြစ် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံသည် အဆင့်မြင့် အမြင်ချင်းဖလှယ်မှုများကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့သည် အသီးသီးသော အခန်းကဏ္ဍများတွင် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သင့်ပြီး နှစ်နိုင်ငံ နားလည်မှု နှင့် ယုံကြည်မှုများ ပိုမိုတိုးတက်လာစေရန် ဘုံအကျိုးစီးပွားဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်များ၌ ကြိမ်ဖန်များစွာ အမြင်ချင်း ဖလှယ်ရန်လိုအပ်ကြောင်း ရှီကပြောသည်။

ရှီက နှစ်နိုင်ငံ ပြည်သူ-ပြည်သူချင်း အမြင်ဖလှယ်မှုများ ပိုမိုအားကောင်းလာစေရန် အဆိုပြုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီများအား အိန္ဒိယနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

ထို့အပြင် တရုတ်နှင့် အိန္ဒိယသည် အရေးကြီးသော ကိစ္စရပ်များနှင့် ပတ်သက်၍ တစ်နိုင်ငံအပေါ် တစ်နိုင်ငံ လေးစားမှုဖြင့် ဂရုပြုဆောင်ရွက်သင့်ကြောင်း၊ အပြုသဘောဆောင်သည့် နည်းလမ်းများဖြင့် ဖြေရှင်းသင့်ကြောင်း ရှီကပြောသည်။

၎င်းက တရုတ်နိုင်ငံသည် G20 ၏မူဘောင်များအတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် ကမ္ဘာ့လုံးဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုကောင်းမွန်လာစေရန် အိန္ဒိယနိုင်ငံနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက မဟာဗျူဟာမြောက်သော မိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံအတွက်သာမက ကမ္ဘာပေါ်ရှိ ကျန်နိုင်ငံများအတွက်ပါ အရေးကြီးကြောင်း၊ အဆင့်မြင့် အမြင်ဖလှယ်မှု၊ နှစ်နိုင်ငံ ကုန်သွယ်မှု နှင့် ပြည်သူ-ပြည်သူချင်း အမြင်ဖလှယ်မှုများကို အလေးပေးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အိန္ဒိယနိုင်ငံသည် G20 ဟန်ကျိုးထိပ်သီးအစည်းအဝေးပွဲ၌ အပြုသဘောဆောင်သည့် ရလဒ်များရရှိစေရန် တရုတ်နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ရှစ်ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖိန် တက်ရောက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.