Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသော ဆောင်းပါး နီပေါ သတင်းစာများတွင် ပုံနှိပ်ဖော်ပြ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ (KP Sharma Oli) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘ ၁၂ ရက် (ဆင်ဟွာ)

တောင်အာရှနိုင်ငံတစ်ခုဖြစ်သော နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင်ရေးသားပြီး Gorkhapatra Daily, The Rising Nepal နှင့် Kantipur Daily နီပေါ သတင်းစာများ၌ အောက်တိုဘာလ ၁၁ ရက်တွင် ပုံနှိပ်ဖော်ပြခဲ့သော “ဟိမန္တာကိုဖြတ်သန်း၍ တရုတ်-နီပေါ ချစ်ကြည်ရေး၏ မဟာတိုးတက်မှုဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးအား ဘာသာပြန်ဆို ဖော်ပြအပ်ပေသည်။

တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော အိမ်နီးချင်း နီပေါနိုင်ငံသို့ သမ္မတ ဘစ်ဒ်ယာ ဒက်ဗ်ဗီဘန်ဒါရီ (Bidya Devi Bhandari) ၏ ဖိတ်ကြားချက်ဖြင့် ကျွန်ုပ်က ချစ်ကြည်ရေးခရီးစဉ် မကြာမီသွားရောက်မည် ဖြစ်သည်။ ဤခရီးစဉ်က နီပေါနိုင်ငံသို့ ကျွန်ုပ်၏ ပထမဆုံးခရီးစဉ်ဖြစ်မည်ဆိုသော်လည်း နီပေါနိုင်ငံက ကျွန်ုပ်အတွက် စိမ်းလှသောနေရာတစ်ခု မဟုတ်ပေ။ ကျွန်ုပ်အနေဖြင့် နီပေါနိုင်ငံသို့ ရှေးမဆွကတည်းက လာရောက်လည်ပတ်လိုစိတ်ရှိခဲ့ပြီး နီပေါနိုင်ငံ၏ ကြီးကျယ်ခမ်းနားသော တောင်တန်းများ မြစ်များနှင့် ပြိုင်ဘက်ကင်းသော ယဉ်ကျေးမှုများအား မျက်မြင်ကိုယ်တွေ့ မြင်လိုစိတ်ရှိခဲ့သည်။ ယခုအခါ ကျွန်ုပ်၏ နီပေါနိုင်ငံသား မိတ်ဆွေများနှင့်အတူ ချစ်ကြည်ရင်းနှီးမှု အသစ်စတင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ရှာဖွေရန်အတွက် အံ့ဖွယ်ကောင်းသော မြေပေါ်သို့ခြေချနိုင်ရန် လွန်စွာ မျှော်လင့်လျက်ရှိပေသည်။ ကျွန်ုပ်တို့အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် စီမံကိန်းအသစ်တစ်ခုကို အတူတကွ ပုံဖော်နိုင်ရန် မျှော်လင့်ထားပါသည်။

တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည်  တူညီသောတောင်တန်းများ မြစ်များဖြင့် ချိတ်ဆက်ထားသည့် ရင်းနှီးသော အိမ်နီးချင်းများဖြစ်သလို ကာလရှည်တည်ရှိသော ချစ်ကြည်ရင်းနှီးမှုတစ်ခုလည်း ရှိပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀ ကျော်အကြာက တရုတ်ဘုန်းတော်ကြီး Fa Hien နှင့် ဗုဒ္ဓဘာဒရ (Buddhabhadra) တို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ သွားရောက်လည်ပတ်ခဲ့ကာ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းများအား တရုတ်ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့ကြသည်။ ထိုဘုန်းတော်ကြီးနှစ်ပါး၏ ဘာသာပြန်ဆိုခြင်း လုပ်ဆောင်ချက်များက ယနေ့ခေတ်အထိ လွှမ်းမိုးလျက်ရှိပေသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ တန်မင်းဆက် (၆၁၈-၉၀၇) ခေတ်က နီပေါမင်းသမီး ဘရီကူတီ (Bhrikuti) က တိဘက်ဘုရင် ဆောင်းဆန်ဂမ်ပို (Songtsen Gampo) နှင့် လက်ဆက်ခဲ့ကာ တရုတ်ဘုန်းတော်ကြီး Huen Tsang ကလည်း ဗုဒ္ဓမြတ်စွာဘုရား မွေးဖွားရာ လုမ္ဗနီဒေသသို့ သွားရောက်ခဲ့ပြီး ၎င်း၏ အဖိုးတန်ဘုရားဖူးခရီးဖြစ်စဉ် လက်ရေးမှတ်တမ်းများစွာကို ချန်ထားရစ်ခဲ့သည်။ ထို့နောက် ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) ခေတ်ကာလ၌ နာမည်ကျော် နီပေါ ဗိသုကာပညာရှင် အာနိကို (Arniko)  လက်မှုပညာရှင်များအဖွဲ့ကို တရုတ်နိုင်ငံသို့ ဦးဆောင်ခေါ်လာခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ခမ်းနားလှသော အဆောက်အဦများအကြား ပေကျင်းမြို့တွင် မြောင်ရင်းဘုရားကျောင်း၌ White Stupa အား ဦးဆောင်တည်ဆောက်ခဲ့သည်။ ထိုအချက်များက ကျွန်ုပ်တို့၏ အတိတ်ကာလက အပြန်အလှန်ဆက်ဆံမှုများ၏ ဥပမာအနည်းငယ်သာလျှင် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုအား လှုံ့ဆော်ပေးခဲ့သည်။

၁၉၅၅ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့စဉ်ကတည်းက နှစ်နိုင်ငံတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရိုသေလေးစားမှုှရှိခဲ့ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယုံကြည်မှုနှင့် ထောက်ပံ့မှုှရှိခဲ့သလို နှစ်နိုင်ငံအကြား တူညီမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ ဥပမာတစ်ခုလည်း ဖြစ်သည်။ 

— တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုများ မျှဝေသော မိတ်ဆွေကောင်းများဖြစ်ပေသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း မူကြီးငါးရပ်အရ ကျွန်ုပ်တို့၏ နယ်စပ်များအား အောင်မြင်စွာ နယ်နိမိတ်သတ်မှတ်ထားနိုင်ခဲ့သလို ကျယ်ပြောလှသော ဟိမဝန္တာတောင်တန်းကြီးက နှစ်နိုင်ငံအကြား စစ်မှန်သော ရင်းနှီးမှုဆီသို့ ပြောင်းလဲပေးခဲ့သည်။ နီပေါနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒအား စောင့်ထိန်းခြင်းတွင် ခိုင်မြဲစွာ ရပ်တည်ခဲ့သလို တရုတ်နိုင်ငံအား ဆန့်ကျင်သည့် လုပ်ဆောင်မှုမျိုးအတွက် မည်သည့်အင်အားစုကမျှ ၎င်း၏ အချုပ်အခြာပိုင်နယ်မြေအား အသုံးပြုခြင်းကို တားမြစ်ထားသည်။ တရုတ်နိုင်ငံကလည်း နီပေါနိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပေါင်းစည်းမှုကို ကာကွယ်ရေးနှင့် နိုင်ငံ၏ အမျိုးသားရေးဆိုင်ရာ အမှန်တကယ်တည်ရှိမှုအား အံဝင်ခွင်ကျမှုရှိသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် လျှောက်လှမ်းရေးများတွင် နီပေါနိုင်ငံက ခိုင်မာစွာ ထောက်ပံ့လျက်ရှိသည်။ 

— တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် မိတ်ဖက်ကောင်းများလည်း ဖြစ်ကြသည်။ တောင်အာရှတွင် နီပေါနိုင်ငံက တရုတ်နိုင်ငံ၏ အရေးပါသော ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၌ နည်းလမ်းနှစ်သွယ်ဖြင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရှိခဲ့ကာ နီပေါတွင် တရုတ်ရင်းနှီးမြှုုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိခဲ့သည်။ ထို့ပြင် နီပေါနိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်လျက်ရှိပြီး အဝေးပြေးလမ်းများ၊ လေဆိပ်များနှင့် စွမ်းအင်စက်ရုံများ တည်ဆောက်ခြင်း (သို့မဟုတ်) အဆင့်မြှင့်တင်ခြင်းအတွက် အခြေခံအဆောက်အအုံ စီမံကိန်းများစွာကိုလည်း လုပ်ဆောင်လျက်ရှိသည်။ 

— တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဖလှယ်မှုများမှ အကျိုးကျေးဇူးရရှိနေသော အိမ်နီးချင်းကောင်းများလည်း ဖြစ်ပေသည်။ နီပေါနိုင်ငံ လုမ္ဗနီဒေသရှိ ကျုံးဟွာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက ကျွန်ုပ်တို့၏ ဘာသာတရားနှင့် ယဉ်ကျေးမှု အပြန်အလှန် ဆက်ဆံမှု၏ နောက်ထပ် သင်္ကေတတစ်ခုအဖြစ် တည်ရှိနေသည်။ နီပေါနိုင်ငံက တရုတ်ကမ္ဘာလှည့်ခရီးသွားများအား လက်ခံသည့် ပထမဆုံး တောင်အာရှနိုင်ငံလည်း ဖြစ်သည်။ နှစ်နိုင်ငံအကြား အပတ်စဉ် လေကြောင်းခရီးစဉ် ၆၀ ခန့်ရှိပြီး နှစ်စဉ် နှစ်နိုင်ငံ အပြန်အလှန်ခရီးသွားလာမှု ၃၀၀,၀၀၀ ကျော် ရှိပေသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ညီအစ်မမြို့တော် အရေအတွက် ၁၁ စုံ တည်ထောင်ထားနိုင်ခဲ့သည်။

— တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အစဉ်အမြဲ ရပ်တည်ကြမည့် ညီအစ်ကိုကောင်းများ ဖြစ်ကြသည်။ ၂၀၀၈ ခုနှစ်က ဝမ်ချွမ်နယ်မြေတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့စဉ် နီပေါ အစိုးရနှင့် ပြည်သူများက တရုတ်နိုင်ငံအား ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ဆောင်မှုများဖြင့် ရက်ရောစွာ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ အလားတူပင် ၂၀၁၅ ခုနှစ်က နီပေါနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်မှု၏ နောက်ပိုင်း၌ တရုတ်အစိုးရနှင့် ပြည်သူများက ကယ်ဆယ်ရေး လုပ်ဆောင်မှုများ ပေးအပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အကူအညီများ လျင်မြန်စွာ ပေးအပ်ခဲ့ကြသည်။

— မဟာဗျူဟာမြောက် နက်ရှိုင်းစွာ ဆက်ဆံမှု

ယင်းအချက်ကလည်း မဟာဗျူဟာမြောက်၊ ကာလရှည် အလားအလာတစ်ခုအဖြစ် ခံယူရန်၊ ယခုခေတ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်သစ်တစ်ခု မြှင့်တင်ရေးအတွက် စီမံကိန်းတစ်ခု ရေးဆွဲရန် အရေးပါပေသည်။ ကျွန်ုပ်တို့အနေဖြင့် အဆင့်မြင့်ဖလှယ်မှုများ ထိန်းသိမ်းရန်၊ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုများ တိုးမြှင့်ရန်၊ တစ်နိုင်ငံချင်းစီ၏ ဘုံအကျိုးစီးပွားနှင့် ဆက်စပ်သော ကိစ္စရပ်များအပေါ် အပြန်အလှန် ထောက်ပံ့မှု ဆက်လက်ပေးအပ်ရန် လိုအပ်ပေသည်။

— လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်ရေး

 ကျွန်ုပ်တို့အနေဖြင့် နီပေါနိုင်ငံတစ်ဝန်း ရှုထောင့်စုံ ချိတ်ဆက်မှုကွန်ရက်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ကြီးမားသော အားထုတ်မှုများ လုပ်ဆောင်ရန် လိုအပ်ပေသည်။ တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် တရုတ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေး၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်း စသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးစားပေးကဏ္ဍ လေးရပ်ဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။ နီပေါနိုင်ငံကိုလည်း နိုင်ငံ၏ အထူးထုတ်ကုန်များအား တရုတ်နိုင်ငံသို့ တင်ပို့မှုမြှင့်တင်နိုင်ရေး ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲသို့ ပါဝင်ရန် တရုတ်နိုင်ငံက ကြိုဆိုလျက်ရှိသည်။

— ပြည်သူအချင်းချင်း ဖလှယ်မှုများ ချဲ့ထွင်ခြင်း

 ဤအချက်က အရေးပါပြီး ပညာရေး၊ လူငယ်ရေးရာနှင့် ခရီးသွားလုပ်ငန်းကဲ့သို့သော နယ်ပယ်များတွင် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် တွန်းအားဖြစ်စေသလို အပြန်အလှန်ခရီးသွားလာမှုများ တိုးမြင့်စေရေး တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပိုမိုများပြားလာစေရန် ကျွန်ုပ်တို့၏ လေကြောင်းလိုင်းများအား ထောက်ပံ့ပေးလျက်ရှိသည်။

 — လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း

 တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံအား တရားဥပဒေစိုးမိုးရေး စွမ်းဆောင်ရည် တည်ဆောက်ရေးတွင် ထောက်ပံ့ပေးလျက်ရှိပြီး နီပေါနိုင်ငံနှင့် တရားဥပဒေစိုးမိုးရေး လေ့ကျင့်မှု ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ 

နီပေါနိုင်ငံသားများက “ရေတစ်စက်စီ ကျတာကလည်း ကြာတော့ ရေအိုးပြည့်လာစေတယ်” ဟု  မကြာခဏပြောဆိုလေ့ရှိသည်။ အလားတူပင် တရုတ်ဆိုရိုးစကားတွင်လည်း “လူတစ်ယောက်ချင်းစီက ထင်းတစ်စီ မီးထဲကိုပစ်ထည့်မယ်ဆိုရင် မီးတောက်က မြင့်လာမှာပဲ” ဟူ၍ရှိပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှစ်နိုင်ငံအနေဖြင့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုအား ဆောင်ယူကာ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ထိန်းသိမ်းလာနိုင်သည်နှင့်အမျှ ဟိမဝန္တာတောင်တန်းကို ဖြတ်သန်း၍ ကျွန်ုပ်တို့ နှစ်နိုင်ငံ၏ ရင်းနှီးချစ်ကြည်မှုကို အတူတကွ လုပ်ဆောင်သွားနိုင်မည်ဟု အခိုင်အမာ ယုံကြည်လျက်ရှိပေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.