Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် တွေ့ဆုံဆွေးနွေး 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်တို့အား ဖေဖော်ဝါရီ ၅ ရက်က ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်တို့သည် ဖေဖော်ဝါရီ ၅ ရက်က ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီက လက်ရှိတွင် တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူလူထုသည် ကိုရိုနာရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ဘက်စုံအားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိကြောင်း ၊ ဤသို့သော အချိန်အခါတွင် ကမ္ဘောဒီးယားနိုင်ငံ ပြည်သူများက မိမိတို့နှင့်အတူ ရပ်တည်ခဲ့ရာ အရေးကြုံသည့်အခါ မိတ်ဆွေကောင်း၏စေတနာမေတ္တာမှန်ကို သိရှိရကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန်သီဟာမိုနီ(Norodom Sihamoni)နှင့်မယ်တော် Norodom Monineathက နှစ်သိမ့်ထောက်ခံအားပေးစကားပြောကြားခဲ့သလို ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ထောက်ခံအားပေးမှုများပြုခဲ့ကြောင်း၊  ယခုအခါ တရုတ်နိုင်ငံသို့ အထူးလာရောက်ခဲ့ခြင်းသည် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ ချစ်ကြည်ရေးနှင့်အပြန်အလှန်ယုံကြည်မှုကို ပေါ်လွင်ထင်ဟပ်စေပြီး အေးတူပူအမျှ ကံကြမ္မာတူအကျိုးတူအသိုက်အဝိုင်း၏ အနက်အဓိပ္ပါယ်ကို ပို၍လေးနက်စေသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးရပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပါတီနှင့် အစိုးရသည် တရုတ်ပြည်သူနှင့် နိုင်ငံတကာ လူမှုအသိုက်အဝန်းကို အထူး တာဝန်ယူမှုဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အပြည့်အဝတင်းကြပ်စွာဆောင်ရွက်လျက်ရှိရာ အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများရရှိလျက်ရှိကြောင်း၊ တရုတ်လူမျိုးများသည် အခက်အခဲကြားမှ လျှောက်လှမ်းလာသူများဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ရောဂါကို အောင်မြင်စွာ တိုက်ဖျက်ရန် ယုံကြည်ချက်ရှိသလို လုပ်ဆောင်နိုင်စွမ်းလည်းရှိကြောင်း ၊ မိမိတို့အနေဖြင့် ပွင့်လင်းမြင်သာစွာ ကမ္ဘောဒီးယားနိုင်ငံအပါအဝင် နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားပြီး ကမ္ဘာနှင့်ဒေသပြည်သူ့ ကျန်းမာရေး လုံခြုံမှုကို ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံရှိ ကမ္ဘောဒီးယား နိုင်ငံသားများ၊ ကျောင်းသူကျောင်းသားများ၏ ကျန်းမာရေးနှင့်နေထိုင်မှုကို တရုတ်နိုင်ငံသားများနှင့် ရင်ဝယ်မခြားစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဖေဖော်ဝါရီ ၅ ရက်က ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ) 

နှစ်သစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ အဆင့်မြင့်အရာရှိပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာ ဆောင်ရွက်သွားပြီး ကံကြမ္မာတူ အကျိုးတူအသိုက်အဝန်းတည်ဆောက်မှုများကို အကောင်အထည်ဖော်ရွက်ကာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကဏ္ဍသစ်သို့လျှောက်လှမ်းရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ယခုကဲ့သို့ အထူးအချိန်အခါတွင် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့်ပြည်သူများက တရုတ်နိုင်ငံ အစိုးရနှင့်ပြည်သူများ ကို အပြည့်အဝ ထောက်ခံ့အားပေးမည်ကို ပြသခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ခက်ခဲချိန်တွင် ကမ္ဘောဒီးယားနိုင်ငံပြည်သူများသည့် တရုတ်နိုင်ငံပြည်သူလူထုနှင့်အတူ ခိုင်မာစွာ ရပ်တည်ကာ အေးတူပူမျှ အခက်အခဲကျော်ဖြတ်သည့် စစ်မှန် ခိုင်မာသည့် မိတ်ဆွေသင်္ဂဟဖြစ်ကြောင်း ၊ တရုတ်နိုင်ငံရှိ ကမ္ဘောဒီးယားနိုင်ငံသားများ၏ ကျန်းမာရေးနှင့်နေထိုင်မှုကို ဂရုစိုက်စောင့်ရှောက်ပေး သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဖလှယ်မှုများ ဆက်လက်ဆောင်ရွက် သွားကာ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) ၊ တရုတ်နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ (Wang Yi) နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ညွှန်ကြားရေးမှူး ဟယ်လိဖုန်း (He Lifeng) တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)