Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုဝင်ဘာလ ၂၄ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ လက်ခံ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံက အထူး အလေးထားပါကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ရှီသည် မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ သမ္မတ ရှှီသည် CPC ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံ၌ လာမည့် နှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအား ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီ စီမံကိန်းက တရုတ်နိုင်ငံ တစ်နိုင်ငံထဲ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများစွာအတွက်လဲပဲ အခွင့်အရေးသစ်တွေ ဆောင်ယူပေးမှာ ဖြစ်ပါတယ်” ဟု သမ္မတ ရှီက ပြောခဲ့သည်။သမ္မတ ရှီက “နက်နဲ သိမ်မွေ့လှသော နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု” ကို ကြိုဆိုဂုဏ်ပြုလိုက်ပြီး နှစ်နိုင်ငံ အနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်စပ်လျက်ရှိသော ကိစ္စရပ်များအား ခိုင်မာတောင့်တင်းပြီး မဟာဗျူဟာကျသော ဆက်ဆံမှုနှင့် လိုက်လျောညီထွေ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ထို့အတူ မြန်မာနိုင်ငံ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုအား တရုတ်နိုင်ငံက အစဉ်အမြဲ လေးစားပါကြောင်း သမ္မတ ရှီက ထပ်လောင်း ပြောကြားခဲ့သည်။ထို့ပြင် တရုတ်-မြန်မာ စစ်ရေး ဆက်ဆံမှုအား ပြန်ပြောင်း စဉ်းစားပါက သမိုင်းတွင် “အကောင်းဆုံး” ကာလ ဖြစ်ခဲ့ကြောင်း တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ရှီက ပြောကြားခဲ့ ကာ စစ်ဘက်ဆိုင်ရာ ဖလှယ်မှုများနှင့် နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှုအား အခိုင်အမာ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

နှစ်နိုင်ငံ တပ်မတော်များအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး တိုးတက်ရန်အတွက် လုပ်ဆောင်သွားရန် တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက တွန်းအားပေးခဲ့သည်။မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် CPC ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ပြန်လည် ရွေးကောက်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်သလို လွန်ခဲ့သော နှစ်များစွာ အကြာက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ခြင်း၊ စစ်တပ် တည်ထောင်ခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံ၏ ကူညီပေးမှုများအတွက် ကျေးဇူးတင်ကြောင်း မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် တက်ကြွစွာ ပါဝင်သွားမည် ဖြစ်ကြောင်းနှင့် နယ်ပယ်များစွာ၌ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အခိုင်အမာ ဆောင်ရွက်သွားမည်ဟု မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။ (Xinhua)