Connect with us

Politics, Law & Military

ရှီ နှင့် ပူတင်တို့တွေ့ဆုံကာ မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကို မဟာဗျူဟာကျကျ ဆွေးနွေးဖြေရှင်းသွားရန် သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ဝဲ) စက်တင်ဘာ ၃ရက် က တရုတ်နိုင်ငံ ရှမိန်မြို့၌တွေ့ဆုံစဉ် (ဆင်ဟွာ)

ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့သည် စက်တင်ဘာ ၃ရက် တွင်တွေ့ဆုံခဲ့ပြီး အပြန်အလှန်ကူညီမှု နှင့် မဟာဗျူဟာကျစွာ ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ပြောကြားခဲ့ကြကြောင်း သိရသည်။နှစ်နိုင်ငံခေါင်းဆောင်များသည် မြောက်ကိုရီးယားနိုင်ငံ ကနောက်ဆုံးပြုလုပ်ခဲ့သည့် နျူကလီးယားစမ်းသပ်မှု အား သင့်လျော်သော သဘောတူညီမှုများဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

ရုရှားနိုင်ငံသမ္မတပူတင်သည် စက်တင်ဘာ ၃ရက်မှ ၅ရက်အထိ ကျင်းပမည့် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးနှင့် ပေါ်ထွန်းစဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆွေးနွေးမှုစကားဝိုင်းသို့ တက်ရောက်ရန် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမိန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။ရှီက နှစ်နိုင်ငံလုံးသည် အဆင့်မြင့် အပြန်အလှန် နိုင်ငံရေးအရ ယုံကြည်မှု ခိုင်မာလာအောင် နှင့် အပြန်အလှန် ကူညီထောက်ပံ့မှုများ အားကောင်းလာအောင် ဆောင်ရွက်သင့်ပြီး မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်သင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ နှင့် အာကာသလေကြောင်း စသည့် နယ်ပယ်ကဏ္ဍများတွင် တရုတ်နိုင်ငံ နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။နိုင်ငံတကာအရေးနှင့် ဒေသတွင်းအရေးကိစ္စရပ်များအားဆွေးနွေးစဉ် နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ နောက်ဆုံးနျူကလီးယား စမ်းသပ်မှုအား သင့်လျော်စွာဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၃ရက် က တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဖြင့် သယ်ဆောင်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ Central Television က ကြေညာခဲ့သည်။ ယင်းစမ်းသပ်မှုသည် မြောက်ကိုရီးယားနိုင်ငံက ၆ကြိမ်မြောက်ပြုလုပ်သည့် နျူကလီးယားစမ်းသပ်မှုဖြစ်ကြောင်း သိရသည်။ရှီ နှင့် ပူတင်တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ပန်းတိုင်သို့ရောက်ရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နီးကပ်စွာဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ယခုစမ်းသပ်မှု ကိုညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။ (Xinhua)