Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က အီဂျစ်ဗလီ တိုက်ခိုက်ခံရမှုအတွက် သမ္မတ စီစီထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

အီဂျစ်နိုင်ငံ ဆိုင်နိုင်းရှိ ဗလီတိုက်ခိုက်ခံရပြီးနောက် သမ္မတစီစီ နှင့် အစိုးရအရာရှိများအရေးပေါ် အစည်းအဝေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး လူပေါင်း ၃ဝ၅ ဦးသေဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတစ်စောင်ကို အီဂျစ်နိုင်ငံ သမ္မတ စီစီ (Abdel Fattah al-Sisi) ထံသို့နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ်းနည်းကြောင်း သဝဏ်လွှာထဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တိုက်ခိုက်မှုအတွင်းသေဆံုံးသွားရသူများအတွက် ကြေကွဲဝမ်းနည်းရပါကြောင်း နှင့် ဒဏ်ရာရသူများ ၊ သေဆုံးသွားသူများ၏ မိသားစုဝင်များ နှင့် သမ္မတစီစီ တို့အတွက် စာနာထောက်ထားမိပါကြောင်း ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှု ပုံစံအားလုံးကို ဆန့်ကျင်ကြောင်း နှင့် တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း သမ္မတရှီက ဆိုသည်။အီဂျစ်နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆောင်ရွက်ချက် နှင့် နိုင်ငံတော် တည်ငြိမ်ရေး နှင့် လုံခြုံရေးကြိုးပမ်းချက်များကို တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း သမ္မတရှီ ၏ သဝဏ်လွှာထဲတွင် ထည့်သွင်းဖော်ပြထားသည်။(Xinhua)