Connect with us

Politics, Law & Military

ဟူစတန်ကောင်စစ်ဝန်ရုံးမှ တရုတ်နိုင်ငံ ဝန်ထမ်းများ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာသော ဟူစတန်ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများအား လေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

မကြာသေးမီက ပိတ်သိမ်းခဲ့ရသည့် အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ တရုတ်ဝန်ထမ်းများသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး၏ လုပ်ငန်းဆောင်တာအားလုံးကိုရပ်ဆိုင်းရန် နှင့် သတ်မှတ်ကာလအတွင်း အပြီးရုပ်သိမ်းရန် အမေရိကန်နိုင်ငံက ရုတ်တရက်တောင်းဆိုခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ အဆိုပါ ရုံးတွင်လုပ်ကိုင်နေကြသည့် တရုတ်ဝန်ထမ်းများသည် ပထမဆုံးအကြိမ်အဖြစ်  မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

 တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာသော ဟူစတန်ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများအား နိုင်ငံတော်ကောင်စီဝင် နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပေကျင်းလေဆိပ်တွင် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားနေစဉ်(ဆင်ဟွာ)

ပြန်လည်ရောက်ရှိလာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဝမ်ရိက မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခုကြုံတွေ့ရချိန်တွင် တရုတ်ကောင်စစ်ရေးရာဝန်ထမ်းများသည် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ၊ နိုင်ငံနှင့်ပြည်သူတို့၏ ဂုဏ်သိက္ခာ နှင့် အလွန်တရာခက်ခဲပြီး  အန္တရာယ်ပင်ရှိနိုင်သော ပတ်ဝန်းကျင်တစ်ခုတွင် နိုင်ငံရပ်ခြားရောက် တရုတ်အစိုးရဝန်ထမ်းများအနေဖြင့် တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေး နှင့် အမျိုးသားအကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်ရန် တည်တည်ငြိမ်ငြိမ် နှင့် စိုးရိမ်ပူပန်မှုမရှိဘဲ ဆက်လက် တည်ရှိပေးခဲ့ကြောင်း ချီးကျူးစကားဆိုခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေရန် နှင့်  တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီရန် ကြိုးပမ်း လုပ်ဆောင်နေသည့် အမေရိကန်နိုင်ငံအတွင်းရှိ တရုတ်ဆန့်ကျင်ရေးအင်အားစုများကို ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးက မိမိတို့၏ စွမ်းပကားကို ထုတ်ဖော်ပြသခဲ့ကြောင်း ဝမ်ရိက ဆိုသည်။

“ ဒါက သမိုင်းရဲ့ အတက်အကျ အရွေ့တစ်ကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတာပါ ၊ ဒါပေမယ့် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက ဆင်ဟွာသတင်းဌာနှင့် သီးသန့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဝမ်ရိက ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် အမေရိကန်မြေပေါ်၌ ပထမဆုံးဖွင့်လှစ်သည့် တရုတ်ကောင်စစ်ဝန်ရုံး ဖြစ်ပြီး ယင်းသည် တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးမှုအတွက် အလွန်အရေးပါသော အမှတ်သညာတစ်ခုအဖြစ် အမြဲတည်ရှိနေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လက ယင်းကောင်စစ်ဝန်ရုံးအား ပိတ်သိမ်းရန် အမေရိကန်ဖက်က တောင်းဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် “ ဒါဟာ အမေရိကန်ရဲ့ တစ်ဖက်သတ် ရန်စတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေ ၊ နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းတွေ နဲ့ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား နှစ်ဖက်ကောင်စစ်ရေးရာဆိုင်ရာသဘောတူညီချက်တွေကို ဆိုးဆိုးရွားရွားချိုးဖောက်နေခြင်းဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

တန်ပြန်လုပ်ဆောင်မှုတစ်ခုအနေဖြင့် တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် တရုတ်နိုင်ငံဖက်က ညွှန်ကြားခဲ့သည်။ ယင်းလုပ်ငန်းစဉ်ကို ဇူလိုင် ၂၇ ရက်တွင် စတင်အသက်ဝင်ရန် ညွှန်ကြားချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

ဩဂုတ် ၁၇ ရက်က ပေကျင်းလေဆိပ်၌ ကျင်းပ ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် ဝမ်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယခုကြုံတွေ့နေရသည့် ခက်ခဲသော ကာလအား ကျော်ဖြတ်ပြီးနောက်တွင် ပြန်လည်ကောင်းမွန်လာမည်ကို တရုတ်နိုင်ငံက ယုံကြည်ကြောင်း နှင့် တရုတ်နိုင်ငံ၏ အနာဂတ်သည် တရုတ်ပြည်သူတို့၏ လက်ထဲတွင်သာရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ပြန်လည်နုပျိုသစ်လွင်ရန် ဆက်လက် ရွှေ့လျားချီတက်နေသော တရုတ်နိုင်ငံတော်ကို မည်သည့်အဖွဲ့ကမျှ ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ ရပ်တန့်ပစ်နိုင်မည်မဟုတ်ကြောင်း ဝမ်က ဆိုသည်။  (Xinhua)