Connect with us

Politics, Law & Military

အခက်အခဲအကျပ်အတည်းကြုံလာတိုင်း တရုတ်-အာဆီယံဆက်ဆံရေး ပို၍နီးကပ်လာ ၊ ပူးပေါင်းဆောင်ရွက်မှုလည်း ပို၍အားကောင်းခဲ့ဟု ဝမ်ရိ ပြောကြား 

မေ ၂၄ ရက်က ကျင်းပသည့် two session သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုအား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြန်လည်ဖြေကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့်အာဆီယံ၏ဆက်ဆံရေးသမိုင်းကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် အာရှဘဏ္ဍာရေး အကျပ်အတည်းတွင်ဖြစ်စေ၊နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းတွင် ဖြစ်စေ တရုတ်-အာဆီယံဆက်ဆံရေးသည် ပို၍နီးကပ်လာသလို ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပို၍အားကောင်းလာခဲ့ကြောင်း၊ ၎င်းမှာ တရုတ်-အာဆီယံ၏ သူမတူသည့် ချစ်ကြည်ရင်းနှီးမှုနှင့်နက်ရှိုင်းသည့် အပြန်အလှန် ယုံကြည်မှုကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၄ ရက်တွင်ပြုလုပ်သည့် two session သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။ 

မိမိတို့အတူ ကြိုးပမ်းဆောင်ရွက်မှုကြောင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်လာကြောင်း၊ ယခုနှစ် ပထမကာလတွင် တရုတ်နိုင်ငံနှင့် အာဆီယံ၏ ကုန်သွယ်ရေးစုစုပေါင်း ပမာဏသည် ၆.၁ ရာခိုင်နှုန်းတိုးတက်လာရာ အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံကျော်ရှိခဲ့ပြီး အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် အဖြစ် ပထမဆုံအကြိမ်ရောက်ရှိခဲ့ကြောင်း ၊ ၎င်းမှာ ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးအလားအလာအတွက် အပြန်အလှန်ထားရှိသည့် ယုံကြည်မှုကြောင့် ပင်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

မိုးဒဏ်လေဒဏ်အဆုံးတွင် ရောင်စုံသက်တံ ပေါ်ထွန်းမြဲဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အာဆီယံကို အိမ်နီးချင်းနိုင်ငံ သံတမန်ဆက်ဆံရေး ဦးစားပေးအဖြစ် အစဉ်အမြဲသဘောထားရာ အာဆီယံ၏ အရှေ့အာရှဒေသ ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကအခန်းကဏ္ဍအဖြစ် တည်ရှိမှုကို အားပေးထောက်ခံကြောင်း ၊ အာဆီယံနိုင်ငံများနှင့်အတူ အပြန်အလှန်ယုံကြည်နားလည်ခြင်း ၊ကူညီဖေးမခြင်းနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်း ခံယူချက်ကို လက်ကိုင်ထားကာ နှစ်ဖက်ဆက်ဆံရေးကို ထပ်မံတစ်ဆင့်တိုးမြှင့်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်နိုင်ငံ ဆက်ဆံရေးတည်ဆောက်သည့် နှစ် ၃၀ ပြည့် အခါသမယဖြစ်ရာ နှစ်ဖက်ဆက်ဆံရေးသမိုင်း၏ အရေးကြီးသည့်မှတ်ကျောက်တိုင်လည်းဖြစ်ကြောင်း ၊ တရုတ်-အာဆီယံဆက်ဆံရေးသည် ပို၍ရင့်ကျက်ကာ ယုံကြည်မှုထပ်တိုးလာမည်ဖြစ်ပြီး ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတည်ဆောက်သည့် ခြေလှမ်းများသည် ပို၍တည်ငြိမ်အားကောင်းလာမည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)