Connect with us

Politics, Law & Military

အာရှနှင့် အာဖရိကရှိ ပေါ်တူဂီ စကားပြောနိုင်ငံများအား ဒေါ်လာ သန်း ၆၀၀ ရှိသော အကူအညီနှင့် ချေးငွေများ တရုတ် ပေးအပ်မည်

တရုတ်နှင့် ပေါ်တူဂီ စကားပြောနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ၅ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး တက်ရောက်သည့် နိုင်ငံများ ကိုယ်စားပြု အလံမျာအား တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အာရှနှင့် အာဖရိရှိ ပေါ်တူဂီ စကားပြောနိုင်ငံများအား လာမည့် သုံးနှစ်တာအတွင်း ယွမ် ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး) တန်ဖိုးရှိသော အကူအညီနှင့် ချေးငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာလ ၁၁ ရက်၌ ပြောကြားခဲ့သည်။

မကာအိုတွင် ပြုလုပ်နေသည့် တရုတ်နှင့် ပေါ်တူဂီ စကားပြောနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ၅ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ လီက အထက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အန်ဂိုလာ၊ ကိပ်ဗာဒီ၊ ဂီနီ ဘစ်ဆော၊ မိုဇမ်ဘစ်နှင့် တီမော စသည့် နိုင်ငံများတွင် စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရေး၊ ငှက်ဖျားရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး၊ တိုင်းရင်းဆေး သုတေသနဆိုင်ရာ စီမံခန့်ခွဲမှု စသည့် ကဏ္ဍများ၌ သုံးစွဲရန် အနည်းဆုံး ယွမ် ၂ ဘီလီယံ ထောက်ပံ့သွားမည် ဖြစ်သည်။

ယင်း နိုင်ငံများ၌ပင် စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်လုပ်မှု စွမ်းရည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု မြှင့်တင်ရန်အတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ထို့ပြင် အာရှနှင့် အာဖရိကရှိ မဖွံ့ဖြိုးသေးသည့် ပေါ်တူဂီ စကားပြောနိုင်ငံများမှ ပေးရန်ကျန်ရှိသည့် အတိုးမဲ့ ချေးငွေ ယွမ် သန်း ၅၀၀ ကိုလည်း တရုတ်က လျှော်ပေးလိုက်ကြောင်း လီက ပြောသည်။

ယင်းနိုင်ငံများသို့ ကျန်းမာရေး အဖွဲ့များ၊ သင်တန်း အစီအစဉ်များနှင့် အစိုးရ ပညာသင်များအား တရုတ်က ပေးအပ်မည်ဟု ကတိပြုခဲ့ကြောင်း၊ သဘာဝဘေး တုံ့ပြန်ရေးနှင့် ရာသီဥတု ပြောင်းလဲရေး ဖြစ်ရပ်များတွင် လိုအပ်နေသည့် ပင်လယ်ရေကြောင်း မိုးလေဝသဆိုင်ရာ စက်ကိရိယာများ တည်ဆောက်ရေးအတွက်လည်း ကူညီမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.