Connect with us

Politics, Law & Military

၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး “ရှန်းဆန်း ဖိုရမ်” အား ပေကျင်းမြို့တွင် စတင် ကျင်းပ

ပေကျင်း ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး “ရှန်းဆန်း ဖိုရမ်” အား အောက်တိုဘာ ၁၇ ရက်နေ့တွင် ပေကျင်းမြို့၌ စတင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၉ နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အရာရှိများ ၊ လေ့လာရေး သမားများ နှင့် ပညာရှင်များ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး အာရှ-ပစိဖိတ် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု များကို ဆွေးနွေး ခဲ့ကြသည်။

ယခု အကြိမ် ကျင်းပ ခဲ့သည့် ဖိုရမ် အား မလေးရှား ၊ ကမ္ဘောဒီးယား ၊ ပါကစ္စတန် ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ စင်ကာပူ ၊ ဖိလစ်ပိုင် နှင့် မြန်မာ စသော နိုင်ငံပေါင်း ၁၆ နိုင်ငံ မှ ကာကွယ်ရေး ဝန်ကြီးများ တက်ရောက် ခဲ့ကြပြီး အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမနီ နှင့် ဂျပန် စသော နိုင်ငံ များမှ အစိုးရ ကိုယ်စားလှယ် အဖွဲ့များ လည်း တက်ရောက် ခဲ့ကြသည်။

“ရှန်းဆန်း ဖိုရမ်” ၏ ယခု အကြိမ် အစည်းအဝေး ခေါင်းစဉ် မှာ “အာရှ-ပစိဖိတ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ၊ လက်တွေ့အခြေအနေ နှင့် ရည်မှန်းချက်” ဖြစ်သည်။ ထို့ပြင် ခေါင်းစဉ် ခွဲ ၄ ခု အနေဖြင့် “အာရှ-ပစိဖိတ် လုံခြုံရေး အခြေအနေ ၊ အခွင့်အလမ်း နှင့် စိန်ခေါ်မှု” ၊ “အာရှ-ပစိဖိတ် လုံခြုံရေး ရည်မှန်းချက် ၊ တီထွင် ဆန်းသစ်မှု နှင့် လက်တွေ့ဖော်ဆောင်မှု” ၊ “အာရှ-ပစိဖိတ် ရေကြောင်း လုံခြုံရေး ၊ ဘေးအန္တရာယ် နှင့် ကာကွယ် ထိန်းချုပ်မှု” ၊ “ဒေသတွင်း ဆိုင်ရာ အကြမ်းဖက်ဝါဒ ၊ အရင်းအမြစ် နှင့် ကိုင်တွယ်ဖြေရှင်းမှု” စသည် တို့ဖြစ်ကြပြီး ဖိုရမ် တွင် အခြား ခေါင်းစဉ် ၇ ခု ဆွေးနွေးရန် လည်း ထားရှိခဲ့သည်။

တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ့်ချွမ် က လည်း အစည်းအဝေး ကို တက်ရောက်ရန် ရောက်ရှိလာသော အင်ဒိုနီးရှား ၊ မြန်မာ ၊ စင်ကာပူ စသည့် နိုင်ငံ များမှ ကာကွယ်ရေး ဝန်ကြီး များနှင့် တွေ့ဆုံ ဆွေးနွေးမှု များ ပြုလုပ် ခဲ့သည်။
ချန်ဝမ့်ချွမ်က မြန်မာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း နှင့် တွေ့ဆုံ ခဲ့ရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြည်ပြည်ဆိုင်ရာ အခြေအနေ အပြောင်းအလဲ ရှိသော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး မှာ ပြောင်းလဲခြင်း မရှိပါကြောင်း ၊ လက်ရှိချိန် တွင် နှစ်နိုင်ငံ မှ အဆင့်မြင့် မဟာဗျူဟာ နှင့် ရေရှည် အမြင်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး အား အလွန် အလေးထား ကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိ များမှ အပြန်အလှန် တွေ့ဆုံဆွေးနွေးကာ ဘက်စုံ လုံခြုံရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု တို့ကို ထိန်းသိမ်း ဆောင်ရွက် သွား ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြန်မာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း မှလည်း မြန်မာ နိုင်ငံ ပြည်တွင်း နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ များကို ပြောကြား ခဲ့ပြီး မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ မိတ်ဆွေ အစစ်အမှန် ဖြစ်သည်ကို သိရှိကြောင်း နှင့် မြန်မာ နိုင်ငံမှ တရုတ် နိုင်ငံနှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆန္ဒ ရှိကြောင်း ပြောကြား ခဲ့သည်။ (Xinhua)