Connect with us

COVID-19 UPDATES

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ဦးထံတွင် အိုမီခရွန် ရောဂါပိုး တွေ့ရှိ

ရန်ကုန်မြို့ရှိ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံသည့် စင်တာတစ်ခု၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေမှုအား စက်တင်ဘာ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာ ၃၀ ခုအား ဒီဇင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း ၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရရှိသော စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ(၂၆)ခုတွင် SARS-CoV-2 Variant Delta ရောဂါပိုး တွေ့ရှိရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄)ဦးအနက် (၁)ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရကြောင်း ၊ ယင်းပုဂ္ဂိုလ်(၄)ဦးစလုံးအား ကုသရေး စင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သော ကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ကြောင်း နှင့် လက်ရှိအချိန်တွင်လည်း အဆိုပါပုဂ္ဂိုလ်(၄)ဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲ နမူနာများအား ဆေးသုတေသနဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ တပ်မတော် ဆေးသုတေသနဌာနတို့မှ ဓာတ်ခွဲခန်းများအပြင် ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရည် ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ Omicron Real Time PCR Testing နည်းဖြင့်လည်းကောင်း၊ Genomic Sequencing Testing ဖြင့်လည်းကောင်း စစ်ဆေးစေခဲ့ကြောင်း သိရသည်။ (Xinhua)