Connect with us

CHINA

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အကောင်းဆုံး ကူညီပေးလျက်ရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်သည့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် စံပြလုပ်ဆောင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနား မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်တွင်း ကပ်ရောဂါထိန်းချုပ်မှုများ ဖိစီးနေသော်လည်း COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး၌ နိုင်ငံတကာအသိုင်းအဝိုင်းအား စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး အကူအညီများပေးအပ်ခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အခြားသောနိုင်ငံများနှင့်အတူတကွ လုပ်ဆောင်နေသလို အကြံဉာဏ်များနှင့် ခွန်အားများလည်း ထောက်ပံ့ကူညီလျက်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရှီသည် တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး၌ စံပြလုပ်ဆောင်သူများကို ချီးကျူးဂုဏ်ပြုခြင်းအစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံသည် ပွင့်လင်း မြင်သာမှုရှိ၍ တာဝန်သိစိတ်ဖြင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် နိုင်ငံတကာအသိုင်းအဝိုင်းအား အချိန်မီအကြောင်းကြားချက်ပေးပို့ခဲ့ကြောင်း၊ ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေးနှင့် ကူးစက်ရောဂါ ကုသရေးတွင် ၎င်း၏အတွေ့အကြုံကို ထိန်ချန်ထားခြင်းမရှိဘဲ မျှဝေပေးခဲ့ကြောင်း သမ္မတ ရှီက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ရန်ပုံငွေ နှစ်ကြိမ်တိုင်တိုင် လှူဒါန်းခဲ့ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ရှိခဲ့ကြောင်း၊ နိုင်ငံပေါင်း ၃၂ နိုင်ငံသို့လည်း ဆေးဘက်ကျွမ်းကျင်သူအဖွဲ့ ၃၄ ဖွဲ့ စေလွှတ်ခဲ့ကြောင်း ရှီက ဆိုသည်။တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း လေးခုသို့ ကူးစက်ရောဂါ တိုက်ဖျက်ရေး အကူအညီများ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်ထံ  ကူးစက်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ပေးအပ်ခြင်း သို့မဟုတ် တင်ပို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဥပမာအားဖြင့် ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ပံ့ကူညီရန် မတ်လ ၁၅ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ တရုတ်နိုင်ငံက နှာခေါင်းစည်း ၁၅၁ ဒသမ ၅ ဘီလီယံ နှင့် အကာအကွယ်ဝတ်စုံ ၁ ဒသမ ၄ ဘီလီယံနှင့် ရေကာ၊လေကာမျက်မှန် အခုရေ သန်း၂၃၀  ၊ အသက်ရှူစက် ၂၀၉,၀၀၀ လုံးကို တင်ပို့ပေးခဲ့ကြောင်း သိရသည်။“အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေနဲ့အတူ တရုတ်နိုင်ငံဟာ ကမ္ဘာတစ်ဝန်း COVID-19 ကနေ လူ့အသက်ပေါင်းများစွာကို ကယ်တင်ရာမှာ အကူအညီပေးလျက်ရှိပါတယ်” ဟု သမ္မတ ရှီက ဆက်လက်ပြောကြားခဲ့သည်။  (Xinhua)