Connect with us

CHINA

COVID-19 ကပ်ရောဂါ အတူတကွ လက်တွဲတိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားရန် BRICS အဖွဲ့ဝင်နိုင်ငံများ သဘောတူ

COVID-19 ကပ်ရောဂါ ဖြေရှင်းရေးဆိုင်ရာ BRICSအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဧပြီ ၂၈ ရက်တွင် ကျင်းပပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၉ ရက်

COVID-19 ကပ်ရောဂါ ဖြေရှင်းရေးဆိုင်ရာ BRICSအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပေကျင်းမှနေ၍ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ယခုနှစ် BRICSအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံ ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး  ဘရာဇီး နိုင်ငံခြားရေးဝန်ကြီး အာနက်စ်တို အာရော်ဂျ (Ernesto Araujo)၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူဘရာမန်ယမ် ဂျိုင်ရှန်ကာ (S. Jaishankar)၊တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နာလ်ဒီ ပန်ဒေါ (Naledi Pandor)တို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက COVID-19 ကပ်ရောဂါသည် နိုင်ငံအသီးသီးရှိ ပြည်သူအများ၏ ကျန်းမာရေးအသက်အန္တရာယ်ကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိရာ  BRICSနိုင်ငံများအနေဖြင့်  မှန်ကန်သည့်ရွေးချယ်မှုနှင့် ထိရောက်သည့်လုပ်ဆောင်မှုများကို လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝမ်ရိက အောက်ပါ အချက် ၄ ချက် အား ပြောကြားခဲ့သည်။(၁) နိုင်ငံပေါင်းစု့ဘက်ပေါင်းစုံဝါဒကို လက်ကိုင်ထားကာ ကမ္ဘာလုံးဆိုင်ရာ စီမံမှုများကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အတူဆွေးနွေး အတူတည်ဆောက် အတူမျှဝေမှု အမြင်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သလို မက်ခရို စီးပွားရေးမူဝါဒ ညှိနှိုင်း ဆောင်ရွက်မှုများကို တိုးမြှင့်ကာ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက် လုံခြုံချောမွေ့စွာ လည်ပတ်နိုင်ရန် အာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

(၂) တစ်လှေတည်းစီးတစ်ခရီးတည်းသွားကာ အတူတကွလက်တွဲပြီး ကပ်ရောဂါကို အနိုင်တိုက်ဖျက်ရမည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အချုပ်အခြာအာဏာနှင့်နိုင်ငံ့အခြေအနေ လေးစားမှုကို အခြေခံ၍ BRICSနိုင်ငံများနှင့် ကပ်ရောဂါသတင်းအချက်အလက် မျှဝေမှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ ကပ်ရောဂါတိုက်ဖျက်အရေးအတွေ့အကြုံများကို ထဲထဲဝင်ဝင် ဖလှယ်သွားကာ ဆေးဝါးနှင့်ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊

(၃) စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ စုပေါင်းအင်အားကို တိုးမြှင့်ရမည်ဖြစ်ရာ BRICSနိုင်ငံများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အပြည့်အဝ တာဝန်ယူ ထမ်းဆောင် အကျိုးပြုနိုင်စေရန်  အားပေးရမည်ဖြစ်ပြီး  ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍစီမံခန့်ခွဲမှုကို ကောင်းမွန်ပြည့်စုံသည့် လူသားမျိုးနွယ် ကျန်းမာရေးကဏ္ဍ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း

(၄) BRICS ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်သွားမည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံအဖြစ် ဆောင်ရွက်နေမှုများကို အားပေးထောက်ခံကာ “BRICS နိုင်ငံများ စီးပွားရေးမိတ်ဖက် မဟာဗျူဟာ ၂၀၂၅ ”အဆိုပြုချက်ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို လက်ကိုင်ဆောင်ရွက်ရန် ၊လက်တွဲအတူ တက်ညီလက်ညီ ကပ်ရောဂါကို တိုက်ဖျက်ရန်၊ အဖွဲ့ဝင်နိုင်ငံများပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်သွားရန်နှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ကြရာ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ ကပ်ရောဂါသတင်းအချက်အလက်အတွေ့အကြုံများကို အနီးကပ်မျှဝေဖလှယ်ဆွေးနွေး၍ ဆေးဝါးနှင့် ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အပျက်သဘော၊အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများ လျှော့ချကာ ကမ္ဘာ့ပြည်သူ့ကျန်းမာရေးအား အတူကာကွယ်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)