Connect with us

CHINA

COVID-19 ရောဂါ လျှို့ဝှက်ကြံစည်မှုအယူအဆအပေါ် ဝူဟန့် ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ငြင်းဆိုဟု ရိုက်တာသတင်းတွင် ဖော်ပြ

COVID-19 ရောဂါ လျှို့ဝှက်ကြံစည်မှုအယူအဆအပေါ် ဝူဟန့် ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး တုံ့ပြန်မှုနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၌ ဖော်ပြထားသည့်သတင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံ (WIV) ရှိ တရုတ်နိုင်ငံ၏ အမျိုးသား ဇီဝလုံခြုံရေးဓာတ်ခွဲခန်းမှ ဖြစ်ပေါ်လာသည်ဟူသော ပြောဆိုမှုများသည် အခြေအမြစ်မရှိသလို သက်သေများအားလုံးကလည်း မမှန်မကန်ပြောဆိုခြင်းသာဖြစ်ကြောင်း ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ယွမ်ကျစ်မင်းက ရိုက်တာသတင်းဌာန၏ မေးမြန်းမှုအပေါ် စာဖြင့် အကြောင်းပြန်ရေးသားဖော်ပြခဲ့သည်။ 

ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ ထိခိုက်နစ်နာအောင် ပြောဆိုချက်များသည် လေထဲက စကားလုံးများလို မည်မည်ရရမရှိကြောင်းနှင့် သက်သေများအားလုံးကလည်း မမှန်မကန်ပြောဆိုကြခြင်းသာ ဖြစ်ကြောင်း ယွမ်က ဆိုသည်။ “WIV ဓာတ်ခွဲခန်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်ခုကို ပုံစံထုတ်ပြီး တည်ဆောက်ဖို့ ရည်ရွယ်ချက်ရော စွမ်းရည်ရော မရှိပါဘူး။ ပြီးတော့ SARS-CoV-2 ဇီဝဗေဒမှာ ဒီဗိုင်းရပ်စ်ကို လူကလုပ်ထားတယ်ဆိုတဲ့ အချက်အလက်လည်း မရှိပါဘူး” ဟု ယွမ်က ရိုက်တာသတင်းဌာနသို့ ဖြေကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးအတွင်းရှိ ပရိုတိန်းက HIV ပိုင်းတွင် ပါဝင်သည့်အရာနှင့် ထူးဆန်းစွာတူညီနေကြောင်း ပြောဆိုခဲ့ကြပြီးနောက် လျှို့ဝှက်ကြံစည်မှုအယူအဆအချို့သည် အိန္ဒိယ နည်းပညာတက္ကသိုလ်၏ သိပ္ပံစာစောင်တစ်ခုမှ မီးလောင်ရာလေပင့် ရေးသားလုပ်ဆောင်ချက်ဖြစ်ခဲ့ကြောင်း သတင်းဆောင်းပါ၌ ဖော်ပြထားသည်။ 

ယခုအခါ သိပ္ပံပညာရှင်အများစုက SARS-CoV-2 ၏ မူလအရင်းအမြစ်သည် လင်းနို့များနှင့် သင်းခွေချပ်များ ကဲ့သို့ တောရိုင်းတိရစ္ဆာန်များမှ ဖြစ်ကြောင်း ပြောကြားလျက်ရှိသည်။ သိပ္ပံပညာဆိုင်ရာသဘောတရားအရ ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝအလျောက် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

“ဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်က တိရစ္ဆာန်တွေ အထူးသဖြင့် တောရိုင်းတိရစ္ဆာန်တွေကနေ အရင်းခံလာကြတာပါ” ဟု ယွမ်က ရိုက်တာသို့ ပြောခဲ့သည်။ထို့ပြင် လူသားတွင် ကူးစက်ကြောင်းသိခဲ့ရသည့် ကိုရိုနာဗိုင်းရပ်စ် ၇ မျိုးလုံးတွင် လင်းနို့များ၊ ကြွက်များ သို့မဟုတ် ဒေသတွင်း တိရစ္ဆာန်များရှိ မူလအရင်းအမြစ်များကို တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

ဓာတ်ခွဲခန်း၏ ဇီဝလုံခြုံရေး လုပ်ငန်းစဉ်များမှာ စည်းကမ်းတင်းကြပ်စွာ လုပ်ဆောင်ရကြောင်း နှင့် ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းအတွင်း လင်းနို့များကို သုတေသနပြုရန် ရည်ရွယ်ချက်အတွက် လုပ်ဆောင်ရာမှ မတော်တဆ ထွက်ပေါ်လာခြင်းဖြစ်သည်ဆိုသည့် ယူဆချက်များကိုလည်း  ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ယွမ်က ငြင်းဆိုခဲ့ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။

“အဆင့်မြင့်ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းတွေကို ခေတ်မီတဲ့ လုံခြုံတဲ့အဆောက်အအုံတွေမှာ လုပ်ကိုင်ကြပြီး ဓာတ်ခွဲခန်းဝန်ထမ်းတွေ ဘေးကင်းစိတ်ချရစေဖို့ ဆောင်ရွက်ချက်တွေကိုတင်းကြပ်ထားသလို ရေဆိုးစွန့်ပစ်မှုမှ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင်လည်း ကာကွယ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ယွမ်က ၎င်း၏ အဖွဲ့အစည်းအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကတိပြုထားကာ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အချက်အလက်များအားလုံးကို မျှဝေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ မူလဘူတ နှင့်ပတ်သက်ပြီး “အဖြေမရှိသေးကြောင်း” ယွမ်က ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၌ SARS-CoV-2 မူကွဲပျံ့နှံ့နေခြင်းသည် တရုတ်နိုင်ငံ၌ ရောဂါပိုးတွေ့ရှိခဲ့သည့်လူနာထက် အချိန်ပိုစောနေကြောင်း နှင့် ယင်းနေရာတွင် ရောဂါဖြစ်ပွားမှု ပထမဆုံး စတင်ခြင်းဖြစ်နိုင်ကြောင်းကို ဗြိတိန်နှင့် ဂျာမန် သိပ္ပံပညာရှင်များမှ ယခုလအတွင်း ထုတ်ဝေသော စာတမ်းတစ်စောင်အား ကိုးကား၍ ယွမ်က ပြောကြားခဲ့သည်။ (Xinhua)