Connect with us

INTERNATIONAL ORGANIZATION

WHO က COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၁.၃ ဘီလီယံအထိ တိုးမြှင့်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်အား အပြင်ဘက်မှမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါတုံ့ပြန်ရေးအနေဖြင့် လာမည့် ၁၂ လအတွင်း ကာကွယ်ဆေး နှစ်ဘီလီယံအပါအဝင် ရောဂါကုသနည်းများ၊ ကာကွယ်ဆေးများနှင့် ရောဂါရှာဖွေခြင်းများအတွက် အမေရိကန်ဒေါ်လာ ၃၁.၃ ဘီလီယံ လိုအပ်ကြောင်း WHO က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ 

အဆိုပါ ငွေကြေးများကို COVID-19 ရောဂါ စမ်းသပ်မှုများ၊ ကုသမှုများနှင့် ကာကွယ်ဆေးများ ဖော်ထုတ်မှု၊ ထုတ်လုပ်မှုနှင့် ညီတူညီမျှရရှိမှု အရှိန်မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သော Access to COVID-19 Tools Accelerator သို့မဟုတ် ACT-Accelerator အတွက် အသုံးပြုသွားမည် ဖြစ်သည်။

ယင်းငွေကြေးများအနက် ယနေ့အထိ ဒေါ်လာ ၃.၄ ဘီလီယံကို ထည့်ဝင်ခဲ့ပြီးဖြစ်ကာ ဒေါ်လာ ၂၇.၉ ဘီလီယံ လိုအပ်နေသေးကြောင်းနှင့် ၎င်းပမာဏထဲမှ ဒေါ်လာ ၁၃.၇ ဘီလီယံမှာမူ အရေးတကြီး လိုအပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်တွင် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများ (LMICs) ထံ ရောဂါစစ်ဆေးမှု သန်း ၅၀၀ နှင့် ကုသမှုဆေးပတ် ၂၄၅ သန်း ပေးပို့နိုင်ရန် စီစဉ်ထားကြောင်း၊ ကာကွယ်ဆေး ၂ ဘီလီယံ အနက်မှ ၁ ဘီလီယံကို LMICs နိုင်ငံများအတွက် ၂၀၂၁ ခုနှစ် နှစ်မကုန်မီ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်က ကြီးမားပါတယ်။ ဒါပေမဲ့ COVID-19 ရောဂါကြောင့်ဖြစ်တဲ့ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ရင်တော့ မပြောပလောက်ပါဘူး” ဟု WHO က ကြေညာချက်၌ ပြောကြားထားသည်။ 

ACT-Accelerator လုပ်ငန်းများ၏ ကုန်ကျစရိတ်သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ခန့်မှန်းထားသော ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးလစဉ်ဆုံးရှုံးမှု၏ ၁၀ ပုံ ၁ ပုံအောက်တွင်သာရှိကြောင်း သိရသည်။ 

ACT-Accelerator ဆိုသည်မှာ ရောဂါရှာဖွေခြင်း၊ ရောဂါကုထုံးများ၊ ကာကွယ်ဆေးများနှင့် ကျန်းမာရေးစနစ် ချိတ်ဆက်မှု အပါအဝင် မဏ္ဍိုင်လေးရပ်အောက်တွင် WHO ၏ မိတ်ဖက်အဖွဲ့အစည်းများက ဦးစီးလုပ်ဆောင်ခြင်း ဖြစ်သည်။ ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး တီထွင်ဆန်းသစ်မှုဆိုင်ရာ မဟာမိတ်အဖွဲ့ (CEPI) နှင့် ကာကွယ်ဆေးမဟာမိတ်အဖွဲ့ Gavi တို့ ပူးပေါင်းဆောင်ရွက်ထားသည့် ကာကွယ်ဆေးမဏ္ဍိုင်က ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး ၂ ဘီလီယံ ပေးပို့ရန် ဒေါ်လာ ၁၈.၁ ဘီလီယံ ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားသည်။ 

ကမ္ဘာ့နိုင်ငံများအနေဖြင့် ထိရောက်သော COVID-19 ကာကွယ်ဆေး ရှာဖွေရန် အပြိုင်အဆိုင် ကြိုးစားလျက်ရှိသည်။ ဇွန် ၂၄ ရက် အစောပိုင်းက တရုတ်နိုင်ငံ၏ ကာကွယ်ဆေးတစ်မျိုး (inactivated COVID-19 vaccine) စမ်းသပ်မှု အဆင့် ၃ ကို ကမ္ဘာအဆင့် စမ်းသပ်မှုအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုတွင် စတင်လျက်ရှိကြောင်း ကာကွယ်ဆေးထုတ်လုပ်သူ China National Biotec Group (CNBG) က ပြောကြားခဲ့သည်။ 

“သတင်းကောင်းကတော့ ကျွန်မတို့ဆီမှာရှိတဲ့ ကာကွယ်ဆေး ဖော်ထုတ်မှု ၂၀၀ ကျော်ဟာ လက်တွေ့စမ်းသပ်မှုမှာ တိုးတက်မှုတွေ ရှိနေပါတယ်။ အခု အဲဒီထဲက ၁၅ ခုကတော့ လူသားတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေ လုပ်နေပါပြီ” ဟု WHO ၏ သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan က ဇွန် ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

၎င်း၏ အဆိုအရ အနည်းဆုံး တရုတ်ကုမ္ပဏီလေးခုသည် ကာကွယ်ဆေးစမ်းသပ်မှု အဆင့် နှစ်မှ အဆင့် သုံးသို့ သွားရန်အသင့်ရှိကြောင်းနှင့် WHO အနေဖြင့် အကြံဉာဏ်နှင့် ထောက်ပံ့မှုပေးရန်နှင့် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ရလွယ်ကူစေရန်အတွက် ၎င်းတို့နှင့်အတူ အချက်အလက်များ ဖလှယ်ခြင်း၊ လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117