Connect with us

MYANMAR

ပြင်သစ်ဧည့်လမ်းညွှန် လူနာအမှတ်-၈နှင့် အနီးကပ်ထိတွေ့ခဲ့သူ ၉၁ ဦးအား၁၄ ရက် ကန့်သတ်စောင့်ကြည့်ပြီး ကျန်းမာရေးကောင်းမွန်သည့် အတွက်ပြန်လည်စေလွှတ် 

ပုဂံမြို့ ခရီးသွားဧည့်သည် တစ်ချို့ မြင်းလှည်းဖြင့်လည်ပတ် နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တွင်  COVID-19 ပိုးရှိသူ ပြင်သစ်ဧည့်လမ်းညွှန် လူနာအမှတ်-၈နှင့် အနီးကပ်ထိတွေ့ခဲ့သူ ၉၁ ဦးအား ၁၄ ရက် ကန့်သတ်စောင့်ကြည့်ရက်ပြည့်ပြီး ဧပြီ ၂ရက်တွင် ကျန်းမာရေးကောင်းမွန်သည့်အတွက် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က “ပိုးတွေ့သူတွေနဲ့ ထိတွေ့သူပဲ ဖြစ်ဖြစ် နိုင်ငံ ခြားက ပြန်လာသူတွေပဲ ဖြစ်ဖြစ် ဒီလူတွေ မှာ ရောဂါပိုးရှိမရှိ ဆိုတာကို ၁၄ ရက် ကန့်သတ်စောင့်ကြည့်ပြီး ၊ စောင့်ကြည့်တဲ့ ကာလတွေ မှာ ရောဂါလက္ခဏာ ပေါ်ရင် တော့ ကျွန်တော်တို့ အနေနဲ့ ဓာတ်ခွဲပြီးစစ်ဆေးပါတယ်။ သူတို့ဆီမှာ ရောဂါလက္ခဏာ ဘာမှ မပေါ်ဘူး ကျန်းကျန်းမာမာပဲ ရှိနေတယ်ဆိုရင်တော့ ဒီလူတွေ ကိုစစ်ဆေးဖို့ အစီအစဉ် မရှိပါဘူး။ ပြင်သစ်ဧည့်လမ်းညွှန်နဲ့ ထိတွေ့ခဲ့တဲ့ သူတွေ က ၁၄ ရက်စောင့်ကြည့်ပြီး ကျန်းမာရေးကောင်းမွန်လို့ ပြန်လည်စေလွှတ်ပေးခဲ့တာပါ’’ ဟု ဆင်ဟွာ ကို ဧပြီ ၄ ရက်တွင် ပြောသည်။

အဆိုပါ COVID-19 ရောဂါရှိသူ ပြင်သစ်ဧည့်လမ်း ညွှန်နှင့် ထိတွေ့ခဲ့သည့် ဒေသခံ ၉၁ဦးအား သတ်မှတ် ထားသောနေရာတွင် အသွားအလာကန့်သတ်ခြင်း ကို  ရာဇဂြိုဟ်ဟိုတယ်တွင် ၁၅ ဦး၊ လောကသစ္စာဟိုတယ် တွင် ၄၆ ဦး၊ တိုင်းရင်းဆေးရုံတွင် ၁၉ ဦး၊ ရွှေပိုးအိမ် ဟိုတယ်တွင် ၁၁ ဦးတို့အား မတ် ၂၀ ရက်မှ စတင်ကာ စောင့်ကြည့် လူနာအဖြစ် တစ်နေ့နှစ်ကြိမ် ကိုယ်အပူချိန် တိုင်းတာခြင်းများဖြင့် စောင့်ကြည့်ခဲ့ရာ ဧပြီ ၂ ရက်တွင် စောင့်ကြည့် ၁၄ ရက် ပြည့်မြောက်သည့်အတွက် ၎င်းတို့နေအိမ်များသို့ ပြန်လည်စေ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

COVID-19 Positive ရှိသူနှင့်ထိတွေ့သူ (သို့မဟုတ်) ပြည်ပမှ ပြန်လာသူ မည်သူမဆို လိုအပ်၍ ၁၄ ရက် ကန့်သတ်စောင့်ကြည့်ခြင်း အား အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါက  ၎င်းတို့ကို သက်ဆိုင်ရာက ထောက်ခံစာ  ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာသာထွန်းကျော် ၏ ပြောကြားချက် အရသိရသည်။  (Xinhua)