Connect with us

MYANMAR

မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပုဂ္ဂလိကနှင့် အစိုးရ ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်

မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပုဂ္ဂလိကနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများသည် ယနေ့(အောက်တိုဘာ ၂ ရက်) ၌ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရန် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၀)ဦးသည် ဒုတိယအသုတ်အဖြစ် အောက်တိုဘာလ (၂)ရက် နံနက်ပိုင်းက ထွက်ခွာလာကြပြီ ဖြစ်ကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ ပြည်နယ် ဦးစီးမှူးဒေါက်တာဌေးလွင်က ပြောကြားထားသည်။

မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)
အဆိုပါ ကျန်းမာရေး အကူအညီပေးမည့်အဖွဲ့သည်   ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ဖွင့်လှစ်ထားသော ဧရာဝတီ COVID -19 ကုသရေးစင်တာ၌ ကူညီဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (Myanmar Private Hospitals’ Association) ကိုယ်စားပြု၍ မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံများဖြစ်သော ငြိမ်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ အာရောဂျံဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ မန္တလာဆေးရုံ၊ မြတ်တော်ဝင်ဆေးရုံ၊  မြို့တော်ဆေးရုံနှင့် Grand Mandalay ဆေးရုံတို့မှ စေတနာ့ဝန်ထမ်း ဆရာဝန်နှင့် သူနာပြု ၄၉ဦးသည် ယနေ့ နံနက် (၇) နာရီက မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းရှိ မြို့တော်ဆေးရုံစုရပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ထွက်ခွာလာကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးလုပ်ငန်းများအား အခြား တိုင်းနှင့်ပြည်နယ်အချို့မှ ကျန်းမာရေးဝန်ထမ်းများလည်း လာရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ အောက်တိုဘာ ၁ ရက်  ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄,၃၈၃ ဦးရှိလာခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း  ၃၂၁ ဦး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။ (XInhua)