Connect with us

MYANMAR

အဓိကစားနပ်ရိက္ခာ ထုတ်လုပ်သော သားငါးကဏ္ဍပြတ်လပ်မသွားစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ စံပြငါးဈေးရှိ ငါးဒိုင်တစ်ခုတွင် ဝယ်ယူနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသောမြို့နယ်များတွင် COVID -19 ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ကုန်စိမ်း နှင့် သားငါး လက်ကားဒိုင်များမှ မြို့နယ်များ သို့ အရောက် ရောင်းချရပေးရန် စီစဉ် လျက်ရှိသကဲ့သို့ အဓိကစားနပ်ရိက္ခာ ထုတ်လုပ်သော သားငါးကဏ္ဍပြတ်လပ်မသွားစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဒေါက်တာခင်လှိုင်က ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

“ပထမအကြိမ်လည်း COVID-19 ရောဂါကို  ကြုံတွေ့ခဲ့ပြီးပြီ။ အဓိကစားနပ်ရိက္ခာ ထုတ်လုပ်တဲ့ သားငါးကဏ္ဍပြတ်လပ်မသွားဖို့ အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ပဲရှိပါတယ်။ သားငါးဈေးနှုန်းတည်ငြိမ်ရေး အတွက် ဆိုရင်တော့ ကျွန်တော်တို့ မှာ အခုချိန်က သားငါးတွေက ဈေးတောင်ကျနေပါတယ်။ ကြက်သားတွေ ဆိုရင် ဈေးအရမ်းကျနေတယ်။ ဘာလို့လဲဆိုတော့ စားသောက်ဆိုင်တွေပိတ်တဲ့ အခါ ဝယ်လိုအားနည်းသွားတဲ့ အတွက်ဖြစ်တယ်’’ ဟု၎င်းကပြောသည်။

ထို့ပြင်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့်  မြို့နယ်များသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချရန် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်များအလိုက် လိုအပ်သော ဟင်းသီးဟင်းရွက်၊ သားငါးတို့ အားစက်တင်ဘာ ၂၅ ရက်မှ စ၍ စာရင်းများကောက်ယူလျက်ရှိကြောင်း၊ အဆိုပါစာရင်းများပေါ်မူတည်၍ ရွှေပိတောက်ငါးဈေး၊ တညင်းကုန်းဈေး၊ ကြည့်မြင်တိုင်ဈေး၊ ကြက်ဘဲဈေး၊ သီရိမင်္ဂလာဈေး စသည့် ရန်ကုန်မြို့ရှိ အရောင်းဒိုင်များ နှင့်ချိတ်ဆက်၍ မြို့နယ် များသို့ ပို့ဆောင်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

“တိရစ္ဆာန်အစာတွေလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ထားပါတယ်။ ပစ္စည်းသိုလှောင်ထားတဲ့ ရပ်ကွက်အသေး တချို့နေရာတွေမှာ COVID-19 ရောဂါကြောင့် လမ်းပိတ်တာတွေ ရှိတယ်။ဒါလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို တွေ့ဆုံတဲ့ အခါ ဝင်ရောက်ရတာ အဆင်ပြေပါတယ်။ တိရစ္ဆာန်အစာတွေကလည်း ၆ လစာလောက်အထိ ရိက္ခာရှိပါတယ်။ လုပ်ငန်းရှင်တွေ အတွက် ထိခိုက်မှု အနည်းဆုံးဖြစ်အောင်နဲ့စားနပ်ရိက္ခာ မပြတ်လပ်အောင်ကြိုးစားပြီးဆောင်ရွက်နေပါတယ်။’’ ဟု ဒေါက်တာခင်လှိုင် က ဖြည့်စွက်ပြောကြားသည်။

မြို့နယ်များအတွင်း နေထိုင်သည့် ဈေးရောင်းသူများမှလည်း မြို့နယ်ကျော်လွန်၍သွားရောက် ယူဆောင်ခြင်းလည်းမပြုရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)