Connect with us

MYANMAR

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ သို့ လာရောက်ကြမည့်ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၃၁ ရက် အထိ ထပ်မံတိုးမြှင့်

နှာခေါင်းစည်းဖြင့် ဘတ်စ်ကားပေါ်မှ ဆင်းလာသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ သို့ လာရောက်ကြမည့်ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၃၁ ရက် အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ဆင်ဟွာသို့ ဇွန် ၂၈ ရက်တွင် အတည်ပြုပြောကြားသည်။

ဦးအောင်ကျော်ဇံက “ကျွန်တော်တို့ MRTV သတင်းမှာ ထည့်ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာအခြေအနေတွေ ကိုလည်း စောင့်ကြည့်ပြီးဆောင်ရွက်ရတာပါ။ မြန်မာနိုင်ငံသားတွေကိုလည်း ကယ်ဆယ်ရေးလေယာဉ်တွေ နဲ့ ပြန်ပြီးခေါ်နိုင်တဲ့ အနေအထားရှိနေတော့ ကျွန်တော်တို့ ကယ်ဆယ်ရေး လေယာဉ်တွေ နဲ့ လိုအပ်သလိုဆောင်ရွက် ပေးသွားမှာပါ’’ ဟုပြောသည်။ 

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ သို့ လာရောက်ကြမည့်ခရီးသွားများ အပေါ်ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက် များအားလုံးကို ဇွန် ၃၀ ရက် အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ဇွန် ၁၅.၆.၂၀၂၀ ရက်စွဲပါကြေညာချက် ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

သို့ရာတွင် အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များ နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံ သို့ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များ ဖြင့် လာရောက်ရန် ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများ အားလုံးအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲညွှန်ကြားချက်များ ကို မပျက်မကွက် လိုက်နာကြရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)