Connect with us

MYANMAR

ရန်ကုန် နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များ အားလုံး ပယ်ဖျက်

ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအတွင်း နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၁၀ မြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ တစ်မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအား မိမိနေအိမ်တွင် နေထိုင်ရေး(Stay at Home ) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ခြင်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “အဓိကတော့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ အားလုံးရဲ့ ပါဝင်မှုပေါ့။ နိုင်ငံတော်အဆင့်ကနေ ကျေးလက်ဒေသအထိ အားလုံးပါဝင်လို့ပါ။ တကယ့်ကို ကျွန်တော်တို့ နိုင်ငံရဲ့ စုပေါင်းအင်အားပေါ့။အဲဒါကို အသုံးပြုပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ မြင့်မားတဲ့ အတိုင်းအတာ တစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည့် မြို့နယ်များမှ ၁၀ မြို့နယ်တွင် COVID-19 ရောဂါထိန်းချုပ်မှု အခြေအနေ တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် မေ ၁၄ ရက် ၊ မေ ၂၅ ရက် ၊ ဇွန် ၁၄ ရက်တို့တွင် ယင်းမြို့နယ်များအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ကြောင်း အသီးသီးကြေညာခဲ့ပြီးနောက် ယနေ့ ဇွန် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပျံ့ပွားမှု နှင့် ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်များအရ ရောဂါထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ တိုးတက်မှု ရှိသည်ကို တွေ့ရှိရသဖြင့် ဇူလိုင် ၁ ရက် နံနက် ၄ နာရီ အချိန်မှ စတင်၍ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ကြေညာခဲ့သည်။ 

“Stay at Home ရှိတဲ့ မြို့နယ်တွေ မကျန်တော့ပေမယ့် ပေါ့လို့တော့ မရပါဘူး။ ဒါက အရေးကြီးဆုံးပါပဲ။ Stay at Home ဆိုတာမှာလည်း limitations တွေ ရှိပါတယ်။ ပိုးမတွေ့တဲ့ အနေအထားမှာလည်း စိတ်ချရတဲ့ အတိုင်းအတာ တစ်ခုအထိ ရက်တွေတော်တော်များများ ကြာခဲ့ပြီ ဖြစ်တယ်။ သူတို့အတွင်းမှာလည်း ဒေသတွင်း ကူးစက်မှုတွေ ထပ်မံ မတွေ့ရတော့ဘူး။ နောက်တစ်ခုက သူတို့အနေနဲ့ Stay at Home ထဲမှာ ရှိတဲ့အခါကြတော့ တစ်ချို့နေရာတွေ သွားရင် Quarantine ဝင်ရတာတွေလည်း ရှိတယ်။အဲတော့ ဒါတွေက သူတို့အတွက်လည်း စီးပွားရေး ၊ လူမှုရေး အားလုံး အဆင်ပြေအောင် နိုင်ငံတော်က ဒေသတွင်း ကူးစက်မှု အခြေအနေအရ ဖြေလျှော့ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အားလုံးအနေနဲ့ Stay at Home ဖြစ်ခြင်း ဖြစ်စေ ၊ Stay at Home မဖြစ်ခြင်း ဖြစ်စေ လိုက်နာရမယ့်ဟာတွေ အားလုံးကို ဒီတိုင်းပဲ ဆက်လက်ပြီး New Normal အနေနဲ့ ကျင့်သုံးရမှာ ဖြစ်ပါတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ယခုလကုန်မှာ မိမိနေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်ကို မြို့နယ်တွေအားလုံး ဖြေလျှော့ပေးနိုင်ပါပြီ။ လူစုလူဝေး ဖြစ်စေနိုင်မဲ့ကိစ္စများကိုတော့ ဆက်လက် ပိတ်ပင်ထားပါတယ်။ ရောဂါ မပြန့်ပွါးစေဖို့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ်ဆိုပါက၊ နောက် (၁)လ၊ (၂)လလောက်အတွင်းမှာ ဒုတိယအကြိမ် Covid လှိုင်းထခြင်းကို တားဆီးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ရောဂါလက္ခဏာ လုံးလုံးမပြဘဲ ကူးစက်ခံနေရသူတွေ များတာကြောင့် အထူးသတိထားဖို့လိုပါတယ်။”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန် ၂၉ ရက်က ရေးသားခဲ့သည်။ 

အင်းစိန်မြို့နယ်၌ COVID-19 ရောဂါပိုး ကူးစက်ခံရသူမှာ တစ်နိုင်ငံလုံး အနေအထားတွင် အမြင့်ဆုံး ၊ အများဆုံး အနေအထား ဖြစ်ခဲ့ကြောင်း ၊ လက်ရှိအခြေအနေတွင် အင်းစိန်မြို့နယ်မှာ တည်ငြိမ်စ ပြုလာပြီ ဖြစ်ကြောင်း ၊ စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များမှာ ပုံမှန်အတိုင်း လည်ပတ်နေကြပြီ ဖြစ်ပြီး ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက် ၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုများ ရှိသော်လည်း ပြည်သူလူထု အနေဖြင့် awarness ကောင်းကောင်းပေးရန် လိုသေးကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဇွန် ၃၀ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၉၉ ဦး ရှိရာ ဇွန် ၂၉ ရက်အထိ COVID-19 ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၂၂၁ ဦးရှိပြီး ၎င်းတို့အနက် (၂၁၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း နှင့် သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)