Connect with us

MYANMAR

သင်္ဘောသားအလုပ်သမားများအတွက် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထုတ်ပေးခြင်းများဆောင်ရွက်လျက်ရှိ 

မြန်မာနိုင်ငံ သို့ ဆိုက်ကပ်လာသည့် ကုန်တင်သင်္ဘော တစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံများသို့ထွက်ခွာကြမည့် မြန်မာသင်္ဘော သားအလုပ်သမားများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ   COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထုတ်ပေးခြင်းများကို စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်ေ္ဘာသားအလုပ်သမားများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို မေ ၂၉ ရက်တွင်ပြောသည်။ 

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်သည်  COVID-19 ရောဂါ  ကင်းရှင်း ကြောင်းဆေးလက်မှတ်ရရှိစေရန်   မေ ၁၅ ရက်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)နှင့်     သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားတဲ့ သင်္ဘောသားတွေ ကိုကျန်းမာရေးစစ်ဆေးဖို့အတွက်  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)ကို မေ ၂၁ ရက်မှာ  ပထမအသုတ် ခုနစ်ဦး၊ မေ ၂၆ ရက်မှာ  ဒုတိယအသုတ်   ခြောက် ဦးကို   ပို့ဆောင်ပေးခဲ့ပြီးတော့  COVID-19 ရောဂါပိုး ကင်းရှင်းကြောင်း  ဆေးလက်မှတ်များ    ထုတ်ပေး ပြီးဖြစ်ပါတယ်’’ ဟုပြောသည်။ 

သင်္ဘောသားအလုပ်သမားများမှာ  ဆေးစစ်မှုပြုလုပ်ရန် လိုအပ်ပါက ဆေးစစ်ခံယူလို သည့်ရက်ထက်  လေးရက် ကြိုတင်ပြီး မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် Facebook စာမျက်နှာတွင်   ဝင်ရောက်ပုံစံဖြည့်ပြီး လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ်ထုတ်ပေးခြင်းအတွက်    တစ်ဦးလျှင်    ငွေကျပ်တစ်သိန်းခွဲကို    KBZ  ဘဏ်ငွေစာရင်းသို့    ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ဆေးလက်မှတ်သက်တမ်းသည်     လက်မှတ်ထုတ်ပေးသည့် ရက်၏   ည ၁၂ နာရီမှစ၍ ၇၂ နာရီသက်တမ်းရှိပြီး ၇၂ နာရီအတွင်း မိမိသွားလို သည့်လေဆိပ်သို့ အရောက်သွားရမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)