Connect with us

MYANMAR

၂၀၂၀ – ၂၁ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအတွက် နှာခေါင်းစည်း သန်း၂၀ ကျော်နှင့် မျက်နှာကာ ၁၀ သန်းကျော် တင်ဒါခေါ်ယူ

အခြေခံပညာ မူလတန်းကျောင်းသူ ကျောင်းသားများအား COVID-19 မတိုင်မီက တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ပညာရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ – ၂၁ စာသင်နှစ် အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမနှင့် ပညာရေး ရုံးဝန်ထမ်းများအား ပေးနိုင်ရေးအတွက် နှာခေါင်းစည်း သန်း ၂၀ ကျော်၊ မျက်နှာကာ ၁၀ သန်းကျော် နှင့် အနီအောက် ရောင်ခြည်သုံး အပူချိန်တိုင်း ကိရိယာ (Infra-red thermometer) ခုနစ်သောင်းခွဲ ခန့်တို့ ကျောင်း ဖွင့် အမီ ရရှိစေရန် တင်ဒါ ခေါ်ယူလိုက် ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ) ဒေါက်တာ တင်မောင်ဝင်းက ယနေ့ နေ့လယ်ပိုင်း ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးမှာ အခြေခံ ပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်မှာရှိနေတဲ့ ကျောင်းသားပေါင်း ၉ ဒသမ ၇ သန်း လောက်ကို ကျွန်တော်တို့ ပေးဖို့ ရှိပါတယ်၊ အလားတူပဲ ဆရာ ဆရာမနဲ့ ကျောင်းရုံး ဝန်ထမ်းများ ငါးသိန်းကျော်ကိုလည်း ပေးဖို့ ရှိပါတယ်၊ စုစုပေါင်း mask အနေနဲ့ကတော့ သန်း ၂၀ ကျော်၊ Face shield အနေနဲ့ ၁၀ သန်းကျော် လိုအပ်မှာ ဖြစ်ပါတယ်၊ infra-red thermometer က ခုနစ်သောင်းခွဲကျော်လောက် လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ)က ရှင်းလင်း ဖြေကြားခဲ့သည်။

အထက်တန်းကျောင်းသားများအား ယမန်နှစ်က တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ဇမ္ဗူသီရိမြို ့၊ အစိုးရ အထက်တန်းကျောင်း အမှတ်(၅)၌ ယနေ့ နေ့လယ်ပိုင်း ပြုလုပ် ခဲ့သော ၂၀၂၀ – ၂၁ ပညာသင်နှစ်တွင် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ အတွက် ပညာရေးဝန်ကြီးဌာနက အသုံးပြုမည့် ပစ္စည်းများကို တင်ဒါစနစ်ဖြင့် ပေးသွင်းရန် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ရှင်းလင်းပွဲအပြီး ၎င်းက မီဒီယာသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောင်းသူ ကျောင်းသား တစ်ဦးလျှင် mask နှစ်စုံနှုန်း၊ face shield တစ်ခုနှုန်း၊ ကျောင်းသား တစ်ရာ ကို infra-red thermometer တစ်ခုနှုန်း ၊ ငါးရာ အထိကို နှစ်ခုနှုန်း၊  ငါးရာနှင့်အထက် တစ်ထောင် ခန့်ကို သုံးခုနှုန်း အထိ ပေးရန်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ကျောင်းပေါင်း ၄၇၄၇၄ ကျောင်း အတွက် ပေးရမှာ ဖြစ်သောကြောင့် ထိုမျှ များပြားသော ပမာဏကို အချိန်မီ ရရှိရန် လုပ်ငန်းရှင် ကြီးများ၏ အကူအညီဖြင့် ဖြန့်ဝေပေးရမှာ ဖြစ်ကြောင်း၊  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကိုယ်တိုင် လည်း mask ချုပ်၊ ပြိုင်ပွဲလည်း လုပ်လိုက်သဖြင့် ယခုတင်ဒါ မတိုင်ခင်ကတည်းက တချို့ ဆရာ ဆရာမ များက ကိုယ့်ကျောင်း ကိုယ့် အစီအစဉ်ဖြင့် ကိုယ် ဆောင်ရွက်နေသည်ကိုလည်း ကြားသိရ ကြောင်း၊ နိုင်ငံတော် အနေနှင့် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်သောကြောင့် တင်ဒါတင်သွင်း ရမည့် အနေအထားကို ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊ အခြေခံ ပညာဦးစီးဌာနအနေဖြင့် တင်ဒါ လုပ်ငန်းများ ဆောင်ရွက်ရာ၌  နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာထားသည့် ကြေညာချက် အမှတ် ၁/ ၂၀၁၇ နှင့်ညီအောင်၊ level playing ဖြစ်အောင်၊ Fair Playing ဖြစ်အောင်၊ အဂတိ လုံး၀ ကင်းစင်အောင်၊ ပွင့်လင်း မြင်သာအောင် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ အထက်တန်းအဆင့် အတွက် ကျောင်းအပ်နှံ ကာလ ကို ဇူလိုင် ၁၃ မှ ၁၇ ရက်၊ ငါးရက် ဆောင်ရွက်မှာ ဖြစ်သောကြောင့် ထိုရက် မတိုင်ခင် ပစ္စည်းများ ကျောင်းအထိ ရောက်နိုင်ဖို့ လိုကြောင်း၊၊ တင်ဒါအောင် လုပ်ငန်းရှင် များက တင်ဒါ စာချုပ် ချုပ်ဆိုပြီး သည့်နေ့မှ ရက်ပေါင်း ၄၀ အတွင်း သတ်မှတ်ထားသော သက်ဆိုင်ရာ ခရိုင်ပညာရေး ရုံးများသို့အရည်အသွေးမီမီ အရေအတွက် ပြည့်ပြည့်ဖြင့် အချိန်မီ ပို့ဆောင်ပေးဖို့ လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ယခု အချိန်တွင် ကိုယ့် အကျိုးစီးပွားကို ရှေ့တန်း မတင်ဘဲ နိုင်ငံတော်အတွက် ကူညီပေးကြပါဟု မေတ္တာရပ်ခံ တိုက်တွန်းကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)