Connect with us

MYANMAR

COVID-19 ရောဂါကြောင့် ခေတ္တပိတ်ထားသည့် ဟိုတယ်များအနက်  ၏သုံးပုံတစ်ပုံခန့် ပြန်လည်ဖွင့်လှစ် 

ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

COVID-19 ကာလတွင် တိုင်းဒေသကြီး/ပြည်နယ်များ၌ သက်ဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများ၏ အတည်ပြုချက်ဖြင့် ၂၀၂၀ပြည့်နှစ် မေ ၂၉ ရက် အထိ ဟိုတယ် အလုံးပေါင်း ၆၆၃ လုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံးပုံတစ်ပုံ ဝန်းကျင်ခန့် ပြန်လည် ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အေးဟန် က ဇွန် ၄ ရက်တွင်ပြောသည်။

ဦးအောင်အေးဟန်က “တစ်နိုင်ငံလုံးမှာ ဆိုရင် ဟိုတယ် အလုံးရေ ၂,၀၅၃ လုံး ရှိတယ်။ ဟိုတယ် သုံးပုံတစ်ပုံ ဝန်းကျင်လောက် ပြန်ဖွင့်လာကြတာပေါ့။ မေ ၂၉ ရက် အထိစာရင်းအရ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် မှာ ဟိုတယ်တွေ မဖွင့်သေးဘူး။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေ က သူတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့  ကျန်းမာရေး အခြေအနေနဲ့ လိုအပ်ချက် တွေအရ စစ်ဆေးမှုများပြုလုပ်ပြီး ဖွင့်လှစ်ခွင့် ပြုခဲ့ကြတာဖြစ်တယ်။’’ ဟု ဆင်ဟွာသို့ ပြောသည်။

မေ ၂၉ ရက် အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ် ၂၈၄ လုံးဖွင့်လှစ်ထားပြီး ဟိုတယ်များ အများဆုံးဖွင့်လှစ်သည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ဟိုတယ် အလုံးပေါင်း ၉၄ လုံးပြန်လည်ဖွင့် လှစ်ထားပြီး ဒုတိယအများဆုံးပြည်နယ် ဖြစ်ကြောင်း သိရသည်။ 

“ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ခရီးသွားလုပ်ငန်းတွေ စတင်ဖွံ့ဖြိုးဖို့ရယ်၊ ခရီးသွားလာနေတဲ့ ခရီးသွားဧည့်သည်တွေ အဆင်ပြေချောမွေ့ဖို့ ရယ် နံပတ် (၁) ကျန်းမာရေး ကိုဦးစားပေးပြီးတော့မှ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဧည့်သည်များ လက်ခံသည့်အခါ  Standard Operation Procedure (S.O.P) များထုတ်၍  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်နှင့် အညီ ဧည့်သည်များအားလက်ခံရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)