Connect with us

MYANMAR

COVID-19 ရောဂါ မဖြစ်ပွားခင်ကာလနှင့် နှိုင်းယှဉ်ပါက ခရီးသည် ၄ ပုံ ၁ပုံ ခန့် YBS ပြန်လည်စီးနင်းလာကြပြီဖြစ်ကြောင်းဆို 

နှာခေါင်းစည်း ဖြင့် YBS စီးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် မေ ၂၅ ရက် နောက်ပိုင်းမှ စ၍ YBS စီးသူဦးရေ တဖြည်းဖြည်းပိုများလာကြောင်း၊ COVID-19 ရောဂါမဖြစ်ပွားခင် ကနေ့စဉ် ခရီးသည် ၁ဒသမ ၈သန်း ဝန်းကျင်ရှိခဲ့ကြောင်း၊၎င်းအချိန်နှင့် နှိုင်းယှဉ်ပါက ယခင်စီးနင်းခဲ့သည့် ခရီးသည်ဦးရေ ၏ ၄ ပုံ ၁ ပုံ ဝန်းကျင်  YBS ကို ပြန်လည်စီးနင်းလာကြပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့  (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာကို မေ ၂၉ ရက်တွင်ပြောသည်။

ဒေါက်တာမောင်အောင်က “COVID-19 ကာလအတွင်းက နေ့စဉ် YBS အစီးရေ ၁၀၀၀ ဝန်းကျင်လောက်ပဲ ပြေးဆွဲခဲ့တယ်။ မေ ၂၈ ရက် ကဆိုရင် ကျွန်တော်တို့ YBS အစီးရေ ၃၁၁၃ စီးပြေးဆွဲခဲ့တယ်။ ခရီးသည် ဦးရေ က ၅၂၂,၃၈၃ ဦးစီးနင်းခဲ့တယ်’’ ဟုဆင်ဟွာကိုပြောသည်။

မေလတွင် YBS စီးနင်းသူ ပြန်လည်တိုးလာခဲ့ကြောင်း၊ မေ ၁၆ ရက်တွင် YBS အစီးရေ ၂၅၇၅ စီးပြေးဆွဲ ခဲ့ပြီး ခရီးသည် ၃၆၅,၀၁၂ ဦးစီးနင်းခဲ့ကြောင်း၊ မေ ၁၈ ရက်တွင် YBS အစီးရေ ၂၈၄၅ စီးပြေးဆွဲခဲ့ပြီး၊ ခရီးသည်ဦးရေ  ၄၂၈,၃၉၃ ဦးစီးနင်းခဲ့ကြောင်း၊ခရီးသည် ၄၀၀,၀၀၀ ကျော်ဖြင့် မေ ၂၄ ရက်ခန့် အထိ စီးနင်းသူ ရှိခဲ့ပြီး၊ မေ ၂၅ ရက် မှ စ၍ ယနေ့ အထိ ခရီးသည် ၅၀၀,၀၀၀ ပြန်ကျော်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာမောင်အောင်က “ခရီးသည် ၅ သိန်း ကျော် လာတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ခရီးသည်များရင် မော်တော်ယာဉ်လိုင်းတွေ ကို ထပ်တိုးတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက် တွေ အတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်။ ယာဉ်လိုင်းတွေ ကို ရှောင်တခင်စစ်ဆေးတာတွေ လည်း လုပ်ဆောင်နေပါတယ်’’ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့  (YRTA) အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ညွှန်ကြားထားသည့် အတိုင်း ယာဉ်လိုင်းများတွင် နှာခေါင်းစည်းများဖြန့်ဝေထားကြောင်း၊  မှတ်တိုင်များတွင်လည်း လက်ဆေးကန်များနှင့် လက်ဆေးဆပ်ပြာများထားပေးထားကြောင်း၊ မော်တော်ယာဉ်များကို နေ့စဉ် သန့်ရှင်းရေးလုပ်ရန် ဆက်လက်ညွှန်ကြားထားကြောင်း သိရသည်။ 

ယနေ့ အထိ  ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့  (YRTA) အမှ ယာဉ်လိုင်းများ သို့ နှာခေါင်းစည်း ၁၃၀,၀၀၀ ကျော်ဖြန့်ချိပြီးဖြစ်ကြောင်း သိရသည်။   (Xinhua)