Connect with us

MYANMAR

COVID-19 လူနာသစ် ၇၂၉ ဦး စစ်ဆေးတွေ့ရှိ ၊ ပိုးတွေ့ရှိမှု ၄ ဒသမ ၁ ရာခိုင်နှုန်းရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၇၂၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၆၆၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၇၂၉ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၈၈၈ ဦး နှင့် သေဆုံးလူနာ ၁၇ ဦး ရှိကြောင်း သိရသည်။ပိုးတွေ့ရှိမှုမှာ ရက်သတ္တပတ်အကြာ ၃ ရာခိုင်နှုန်းကျော် ရှိရာမှ ဇန်နဝါရီ ၁ တွင် ၂ ဒသမ ၆ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း နှင့် ဇန်နဝါရီ ၃ ရက်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး ပြန်လည် တိုးလာခဲ့ခြင်းဖြစ်သည်။

COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃ ရက်ထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာအရေအတွက်မှာ အနည်းဆုံး ၁၅,၇၃၅ ခုမှ အများဆုံး ၂၄,၀၀၇ ခုအထိ ဖြစ်ပြီး ပျှမ်းမျှ အရေအတွက်မှာ ၁၈,၃၈၉ ခု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၃ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၂၆,၃၄၅ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁၀၉,၅၄၈ ဦး နှင့် သေဆုံးလူနာ ၂,၇၂၈ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက် (Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်း မှ ၈၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိသောကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါရှိသူများ ရှိနေနိုင်ပြီး မည်သူထံတွင် ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်ကြောင်း ၊ သို့ဖြစ်၍ COVID-19 ကာကွယ်ရေးနည်းလမ်းများကို မိသားစုဝင်အချင်းချင်း ၊ မိတ်ဆွေအချင်းချင်း ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း အသိပေးခြင်း နှင့် သတိပေးခြင်းများကို အမြဲတမ်း ပြုလုပ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှု များပြားနေဆဲ ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုင်ငံအချို့တွင်လည်း ကူးစက်ဖြစ်ပွားမှုများ ပြန်လည်များပြားလာနေသည်ကို တွေ့ရှိနေရကြောင်း ၊ မြန်မာနိုင်ငံ၌ ထိုသို့ မဖြစ်ရေး အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ထားသည်။ (Xinhua)