Connect with us

MYANMAR

COVID-19 လူနာသစ် ၅၉၀ ဦး စစ်ဆေးတွေ့ရှိ ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၆၅၂ ဦးရှိ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၅၉၀ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၆၅၂ ဦး နှင့် သေဆုံးလူနာ ၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ဇန်နဝါရီ ၃ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၄ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၆,၉၉၀ ခုအား စစ်ဆေးပြီးစီးခဲ့ပြီးနောက် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ ၁၆ ဦးအနက် ရောဂါအခံရှိသူ ၁၄ ဦး ပါဝင်ကြောင်း သိရသည်။

COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ဇန်နဝါရီ ၁ ရက်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း ၊ ဇန်နဝါရီ ၂ ရက်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း ၊ ဇန်နဝါရီ ၃ ရက်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း နှင့် ဇန်နဝါရီ ၄ ရက်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း အသီးသီးရှိကြောင်း သိရသည်။

COVID-19 စမ်းသပ်တွေ့ရှိရမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်ထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာအရေအတွက်မှာ အနည်းဆုံး ၁၅,၇၃၅ ခုမှ အများဆုံး ၂၄,၀၀၇ ခုအထိ ဖြစ်ပြီး ပျှမ်းမျှ အရေအတွက်မှာ ၁၈,၁၃၃ ခု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၄ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၂၆,၉၃၅ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၀,၂၀၀ ဦး နှင့် သေဆုံးလူနာ ၂,၇၄၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက် (Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)