Connect with us

MYANMAR

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ရှေ့တန်းတွင် ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး ဝန်ထမ်းတစ်ဦးအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများအား ယနေ့ ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ ကာကွယ်ဆေးထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က
“ကာကွယ်ဆေး ရလာမယ်လို့ ဇန်နဝါရီ ၂၁ ရက်မှာ စပြီး ကြေညာကတည်းက တစ်နိုင်ငံလုံး မှာ သောင်းသောင်း ဖြဖြဩဘာ ပီတိ ကြိုဆိုနေကြတာ ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ တော့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင် နေ ရတဲ့ သူတွေအတွက် ကတော့ ပိုပြီး ပျော်တာပေါ့။ ဒီကာကွယ်ဆေး ရရှိခြင်း က ပြည်သူတွေ ဝမ်းမြောက် သလို ကျွန်တော်တို့ အတွက်ကတော့ ဒါဟာ ပြင်းထန်မှုတွေ ကူးစက်မှုတွေ လျှော့ချ ပေးနိုင် မယ့် အခြေအနေတွေ ဖြစ်တဲ့အတွက် ကျန်းမာရေး ဝန်ထမ်းတွေ လည်း စိတ်သက်သာရာ ရကြမယ့် အချက် ပါပဲ။”ဟု ယနေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ယနေ့ ပြုလုပ်ခဲ့ရာတွင် “ဝန်ထမ်းအင်အားအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ထဲမှာ အားလုံးပေါင်း ၂၅,၄၅၉ ထိုးနှံဖို့ လျာထားတာ ဖြစ်ပါတယ်။ ရန်ကုန် အတွက်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ စတင် ထိုး နှံ မှာ ဖြစ်ပါတယ်။ကုသရေး စင်တာ တွေအားလုံး အတွက် ကိုယ်စားပြု ပြီးတော့ ဧရာစင်တာမှာ ဒီက ပြီးရင် ဆက်လက်ပြီးတော့ ထိုး နှံသွားဖို့ ရှိပါတယ်။”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူအား ယနေ့ နံနက် (၈) နာရီအချိန်တွင် ယင်းဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လည်းကောင်း ၊ ဇန်နဝါရီ ၃၀ ရက်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို လည်းကောင်း COVID-19 ကာကွယ်ဆေးများ အသီးသီး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူများနှင့်အတူ စတင်ထိုးနှံသွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုသို့ထိုးနှံရာတွင် မိမိအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် အကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနှင့် ရောဂါရရှိမှုလွယ်သော လူအုပ်စု များကို ဦးစားပေးကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ဆေးရရှိမှု အရေအတွက်အပေါ်မူတည်၍ Stay at home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှု များပြားသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေးရွေးချယ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း နှင့် ဆက်လက်ရရှိလာမည့် ကာကွယ်ဆေးအရေအတွက် အပေါ်မူတည်၍ ကျန်လူအုပ်စုများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ဆက်တိုက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဘဏ္ဍာငွေဖြင့် COVISHIELD / Astrazeneca ကာကွယ်ဆေး အကြိမ် (dose) အရေအတွက် သန်း (၃၀)ကို ဝယ်ယူထားပြီးဖြစ်ကာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ (၂)သန်းခန့် ကနဦးရောက်ရှိလာမည် ဖြစ်ကြောင်း ၊ COVAX facility မှ ကာကွယ်ဆေးများသည် မတ်လတွင် စတင်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင်လည်းကောင်း လစဉ်အသုတ်လိုက် ဆက်လက်ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)