Connect with us

MYANMAR

COVID-19 ကာကွယ်ဆေးအတွက် ဘယ်လောက်ပေးရပေးရ နိုင်ငံတော်က ပေးဝယ်မည်ဟု ဆို

နေပြည်တော်၊ သူနာပြု သင်တန်းကျောင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ လာရောက် ကြည့်ရှုစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

COVID-19 ကာကွယ်ဆေးအား နိုင်ငံသားများ ထိုးနှံနိုင်စေရန်အတွက် ဘယ်လောက်ပေးရပေးရ နိုင်ငံတော်က ပေးဝယ်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ နေ့လယ်ပိုင်း၌ ပြောကြားခဲ့သည်။

“ဆေးတွေ ရောက်လာတယ်ဆိုပေမယ့် ချက်ချင်းပဲ အားလုံး ရောက်လာတာမဟုတ်ပါဘူး၊ စောင့်ရ ဦးမယ်၊ ကိုယ့်နိုင်ငံက ထုတ်တယ်ဆို တစ်မျိုးပေါ့၊ ကိုယ်ကြိုက်သလောက် ထုတ်လို့ရတယ်၊ အခုက သူများနိုင်ငံက သွင်းရတာ၊ အားလုံးက ဝိုင်းပြီးတော့ ဝယ်နေကြတယ်၊ ကိုယ်လို ချင်သလောက် ချက်ချင်း ရမှာ မဟုတ်ဘူး၊ နိုင်ငံတော်ကတော့ ဘယ်လောက်ပဲ ပေးရပေးရ ပေးမှာပဲ” ဟု နေပြည်တော်၊ သူနာပြု သင်တန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများအာ COVISHIELD ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေကို လာရောက် ကြည့်ရှု အားပေးစဉ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ ကာကွယ်ဆေး ထိုးနှံလိုက်ခြင်းဖြင့် COVID-19 ရောဂါနှင့် ပတ်သက်ပြီး အချို့သူများက ပေါ့ဆသွားမည်ကို စိုးရိမ်မိကြောင်း၊ ကာကွယ်ဆေးထိုးသည့်အခါ အတွေ့အကြုံ မရှိသေးသည့် ကိစ္စ ဖြစ်သောကြောင့် အနည်းငယ် စိုးရိမ်သူများလည်း ရှိကြောင်း၊ ထိုသို့ စိုးရိမ်ခြင်းမှာ သဘာဝကျ ကြောင်း၊ ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိတတ်သော်လည်း ဆိုးဆိုး ရွားရွားကြီး မဟုတ်ကြောင်း၊ သာမန် ကာကွယ်ဆေးထိုးလျှင်ပင် အချို့သူများ၌ အနာရင်းခြင်း၊ ကိုက်ခဲခြင်း၊ ဖျားနာချင်သကဲ့သို့ လက္ခဏာများ ဖြစ်ပေါ်တတ်ကြောင်း၊ ယခု ဆေးထိုးရာ၌လည်း ထိုးပြီးချိန်တွင် ရောဂါ လက္ခဏာများ မည်သို့ မည်ပုံ ဖြစ်ပေါ်သည်ကို နာရီဝက် စောင့်ကြည့်ပေး မည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပေးပြီး ပြန်လွှတ်လိုက်မှာ မဟုတ်ဘဲ အခြေအနေ မည်သို့ ရှိသည်ကို စောင့်ကြညမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးကြောင်း ဘေးထွက် ဆိုးကျိုး လက္ခဏာ အချို့ ပေါ်ပေါက်လာလျှင်လည်း စိတ်ပူ စရာမလိုကြောင်းဖြင့် အားပေးစကားများ ပြောကြားခဲ့ သည်။

ဇန်နဝါရီ ၂၇ ရက်နေ့တွင် နေပြည်တော် ကောင်စီ နယ်မြေရှိ မြို့နယ် ရှစ်မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၃,၈၀၀ ကျော်တို့အား ကာကွယ် ဆေးထိုးပေးမည်ဖြစ်ပြီး ကျန်သည့် ဒေသခံ ပြည်သူများအား ကျန်းမာ ရေး ညွှန်ကြားချက်များနှင့် အညီ ထိုးနှံပေးရမည့် လူအုပ်စုများကို သက်ဆိုင်ရာ ရက်များတွင် ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)