Connect with us

MYANMAR

စစ်တွေမြို့တွင် COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃ ဦး တွေ့ရှိ

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် နှာခေါင်းစည်း တပ်ဆင်ထားသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ယခုတွေ့ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃ ဦးတွင် အသက် ၉၂ နှစ်အရွယ် အမျိုးသား တစ်ဦး နှင့် အသက် ၁၁ နှစ် အရွယ် အမျိုးသား တစ်ဦးတို့ ပါဝင်ပြီး အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာသစ်များသည် စစ်တွေမြို့၌ အသွားအလာကန့်သတ်ထားရှိသူများ ဖြစ်ကြကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် ဩဂုတ် ၂၃ ရက်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ၊ ဆေးသုတေသနဦးစီးဌာန (DMR) ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) နှင့် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့တို့မှ ဓာတ်ခွဲနမူနာ စုစုပေါင်း  ၁,၀၉၂ ခုအား စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၄၆၃ ဦး ရှိလာခဲ့ပြီ ဖြစ်သည်။ထို့အတူ ဓာတ်ခွဲအတည်ပြုလူနာများအနက် ဩဂုတ် ၂၃ ရက်အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၄၁ ဦး ရှိပြီး ၎င်းတို့အနက် (၃၃၅) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)