Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇၁) ဦးတွေ့ရှိပြီး ၅ ဦးထပ်မံသေဆုံး

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက် ည ၈နာရီ မှ စက်တင်ဘာ ၂၅ ရက် နံနက် ၈နာရီအတွင်း စစ်ဆေးချက်များအရ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၇၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း  (၈၅၁၅) ဦးရှိပြီဖြစ်ကာ အသစ်ထပ်မံ သေဆုံးသူ ၅ ဦး ရှိသဖြင့် စုစုပေါင်းသေဆုံးသူ ၁၅၅ ဦး ထိရှိလာ ကြောင်း ယနေ့(စက်တင်ဘာ ၂၅ ရက်) နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “အခုချိန်မှာတော့ ကူးစက်မှုနှုန်းများသလို သေဆုံးမှုနှုန်းလည်း များနေတုန်းပဲ။ ဒါတွေလျှော့ဖို့ဆိုရင် အဓိကကတော့ ကူးစက်မှုနှုန်းကို အမြန်ဆုံးလျှော့ချနိုင်မှဖြစ်မယ်။ ပြည်သူတွေ အနေနဲ့ ထုတ်ပြန်ချက်တွေ ကို တိတိကျကျ လိုက်နာပေးပါ။ ဒါမှပဲ ကျွန်တော်တို့ ဒီအခြေအနေ ကို ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၅ ရက်တွင် ပြောသည်။

သေဆုံးသူ ၅ ဦးမှာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အသက်၅၄ နှစ်အရွယ်ရှိ အမျိုးသမီး (Case 6663) သည် စက်တင်ဘာ ၂၂ ရက် နံနက် ၀၀း၂၀ နာရီတွင်လည်းကောင်း၊ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသမီး  (Case 7152) သည် စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီတွင်လည်းကောင်း၊ အသက် ၆၅ နှစ်အရွယ်ရှိ အမျိုးသမီး (Case 6724) သည် စက်တင်ဘာ ၂၁ ရက် နံနက် ၁၀:၄၀ နာရီတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အသက် ၄၇ နှစ်အရွယ်ရှိ အမျိုးသား (Case 6770) သည် စက်တင်ဘာ ၂၄ ရက် နံနက် ၁၁:၄၅ နာရီတွင်လည်းကောင်း၊ အမှတ် (၂) တပ်မတော်ဆေးရုံ ခုတင် (၅၀၀) ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေသော အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသား (Case 5745) သည် စက်တင်ဘာ ၂၄ ရက် ည ၈:၀၀ နာရီတွင်လည်းကောင်း အသီးသီးကွယ်လွန်ခဲ့ကြသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၃၈၁) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။   (Xinhua)