Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၁,၉၁၀) ဦးတွေ့ရှိ၊ လူနာစုစုပေါင်း (၂၇,၉၇၄)ဦးအထိရှိလာ

အများပြည်သူလက်ဆေးဘေစင်တစ်ခုတွင် နှာခေါင်းစည်းဖြင့်လက်ဆေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၁,၉၁၀) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၂၇,၉၇၄) ဦးရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၁ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ဒီCOVID-19 ပိုးကတိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့အများကြီးဆက်တွေ့နေတယ်။ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေ ကို သေချာလိုက်နာဖို့ ပြောချင်ပါတယ်။ကူးမှာမကြောက်တဲ့သူတွေကိုလည်း ဒီရောဂါက ကူးပါတယ်။မကြောက်လို့ မကာကွယ်ရင် အကူးခံရမှာသေချာပါတယ်။ အဲဒါကြောင့် လည်းကူးစက်နှုန်းတွေ မြင့်နေသေးတာဖြစ်တယ်။ ဒါကြောင့်ပြည်သူတွေပူးပေါင်းပါဝင်ဖို့အေထူးမတ္တာရပ်ခံချင်ပါတယ်။’’ ဟု ဆိုသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၂,၆၉၂)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၉,၇၄၂)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၄,၈၀၉) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၄၁၃,၉၆၁) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

COVID-19 ကုသရေးဌာနများ၊ဝေဘာဂီအထူးကုဆေးရုံကြီး နှင့် တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတို့ရှိ စုစုပေါင်းခုတင်(၁၀,၀၂၉)ခုတွင် လူနာ(၇,၅၈၉) ဦးတက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း သိရသည်။ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၂,၁၅၈)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၁,၉၀၆) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှ (၇၇)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃၉)ဦး၊ မွန်ပြည်နယ်မှ (၂၉) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂၆)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂၃)ဦး၊ ရခိုင်ပြည်နယ် မှ (၂၃)ဦး၊ ချင်းပြည်နယ်မှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၉)ဦး၊ကရင်ပြည်နယ်မှ (၆)ဦး၊နေပြည်တော်မှ (၅)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ (၃)ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ (၁)ဦး အသီးသီး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေမှုများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုများပြားနေသော မြို့နယ်များအား Stay at Home ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိရန် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ Coronavirus disease 2019 ( covid-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)