Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၅ ဦးနှင့် ထိတွေ့နီးကပ်မှုရှိခဲ့သူများ၊ ယာဉ်တစ်စီးတည်းအတူတကွစီးနင်းခဲ့သူများ မဖြစ်မနေ အမြန်ဆုံး သတင်းပို့ရန် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်မြို့၌ နှာခေါင်းစည်း ဝတ်ဆင်သွားလာနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၅ ဦးနှင့် ထိတွေ့နီးကပ်မှုရှိခဲ့သူများ၊ ယာဉ်တစ်စီးတည်းအတူတကွစီးနင်းခဲ့သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဌာနနှင့် အနီးဆုံး ကျန်းမာရေးဌာနသို့ မဖြစ်မနေ အမြန်ဆုံး သတင်းပို့ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက မတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည့် COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ငါးဦး၏ သွားလာခဲ့သော ခရီးလမ်းကြောင်းများအား လူနာ တစ်ဦးချင်းစီ အလိုက် သွားလာခဲ့မှုများဖြင့် ဝန်ကြီးဌာနမှ အသေးစိတ် ထုတ်ပြန်ခဲ့သည်။

ယင်း COVID-19 လူနာ ငါးဦးမှာ အမေရိကန်နိုင်ငံမှ ဝင်ရောက်လာခဲ့သူ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦး ၊ အင်္ဂလန်နိုင်ငံမှ ဝင်ရောက်လာခဲ့သူ အသက် ၂၆ နှစ် အရွယ် အမျိုးသား တစ်ဦး ၊ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား တစ်ဦး ၊ အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့သူ အသက် ၃၃ နှစ် အရွယ် အမျိုးသား တစ်ဦး နှင့် ဩစတေးလျ နိုင်ငံ၌ ဆေးကုသမှု ခံယူပြီး စင်္ကာပူ နိုင်ငံ၌ လေးရက်ခန့် နေထိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သော အသက် ၆၉ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ယခုအခါ COVID-19 အတည်ပြု လူနာ ငါးဦးမှာ ချင်းပြည်နယ် တီးတိန်ဆေးရုံ ၊ ရန်ကုန်တိုင်းဒေသကြီး ဝေဘာဂီ ဆေးရုံ ၊ မန္တလေးတိုင်းဒေသကြီး ကန်တော်နဒီဆေးရုံတို့၌ သီးခြားထားရှိ၍ စနစ်တကျ စောင့်ကြပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ စတင်၍ မတ် ၂၇ ရက်အထိ COVID-19 ရောဂါပိုး ရှိသူ အတည်ပြု လူနာ ငါးဦး စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။(Xinhua)