Connect with us

MYANMAR

လာမည့်အပတ်မှစ၍ COVID-19 ဆိုင်ရာ အစီအစဉ်များ တွင် ပြည်သူများအတွက် စီးပွားရေးဆိုင်ရာ ပညာပေးအစီအစဉ်များ ထည့်သွင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဆို

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar State Counsellor Office)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လာမည့်အပတ်မှစ၍ COVID-19 နှင့်ပတ်သက်သော အစီအစဉ်များ အနည်းငယ်ပြောင်းမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် စီးပွားရေးဆိုင်ရာ ပညာပေး အစီအစဉ်များထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့နိုဝင်ဘာ ၂၀ ရက် ညပိုင်း၌ ပြည်သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

“အခုထိဆိုရင် တစ်ပတ်မှာသုံးကြိမ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမေးအဖြေအစီအစဉ်တွေလုပ်ပါတယ်။ ပြည်သူတွေကလည်း တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် COVID နဲ့ပတ်သက်လို့သိနေပါပြီ။ နောက်အပတ်ကစပြီး အင်္ဂါနေ့တိုင်းမှာ ပုံမှန်ကျန်းမာရေး အမေးအဖြေ အစီအစဉ်တွေလုပ်ပါမယ်။ ဗုဒ္ဓဟူးနေ့မှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ အွန်လိုင်းနည်းပညာတွေသုံးပြီး၊ ခေတ်မီနည်းပညာတွေသုံးပြီး စီးပွားရေးဘက်မှာ၊ ပညာရေးဘက်မှာချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့ ပညာပေးအစီအစဉ်တွေလုပ်ပါမယ်။ ကြာသပတေးနေ့ကျရင်ဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည် ဖော်တဲ့ပုံစံနဲ့ပြပါမယ်’’ ဟု ၎င်းကပြောကြားခဲ့သည်။

အစီအစဉ်များအား ဆက်လက်ရှင်းလင်းပြောကြားရာတွင် “ဗုဒ္ဓဟူးနေ့မှာ သီအိုရီအရ ဘယ်လိုဘယ်လိုလုပ်ရမယ်၊ ဘယ်လိုဘယ်လို စီစဉ်မယ်ဆိုတာကိုပြောပြီးတော့ ကြာသပတေးနေ့မှာဆိုရင် ကျွန်မတို့တကယ့်ကိုရွေးချယ်ထားတဲ့ ဝယ်လိုအားရှိတဲ့သူတစ်ယောက်နဲ့ ရောင်းလိုအားရှိတဲ့သူတစ်ယောက်ကို ဘယ်လိုဘယ်လို ချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ခန်းစာအဖြစ် ပြည်သူတွေအတွေ့အကြုံတစ်ခုအနေနဲ့သိသွားအောင်လုပ်ပေးပါမယ်။” ဟုဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အွန်လိုင်းမှစာအုပ်ငှားရန် အွန်လိုင်းစာကြည့်တိုက် ပုံစံမျိုးစပြီး လုပ်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ နည်းပညာအရည်အချင်းအား မြှင့်တင်ပေးရန်လိုကြောင်း၊ မိုဘိုင်းဖုန်းများအား လက်တွေ့ကျကျနှင့် မိမိစီးပွားရေးတိုးတက်စေရန် မည်သို့အသုံးပြုရမည်ကို နားလည်နိုင်စေရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရဌာနနှင့် ပြည်သူများအကြား ချိတ်ဆက်ခြင်းများအားပိုမိုလုပ်ဆောင်လာမည်ဖြစ်ကြောင်းဆိုသည်။

လာမည့်အပတ်မှစတင်၍ အဆိုပါအစီအစဉ်များကို စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ဝင်စားမည်ဟုမျှော်လင့်ကြောင်း၊ ကြည့်စေချင်ကြောင်း၊ လေ့လာစေချင်ကြောင်း၊ ဤအစီအစဉ်သည် COVID ကာလ တစ်ခုတည်းအတွက်မဟုတ်ကြောင်း၊ COVID အလွန်ကာလတွင်လည်း COVID ကြောင့် ထိခိုက်ခဲ့သောစီးပွားရေးများ ပြန်လည်ဦးမော့လာရန် ယင်းအစီအစဉ်ကို အားပေးရန်လိုအပ်ကြောင်း လည်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)