Connect with us

MYANMAR

ဓာတ်ခွဲနမူနာပေါင်း (၁၈,၀၉၀) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၄၃၄) ဦး ရှိ

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၈,၀၉၀) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၄၃၄) ဦး ရှိခဲ့ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၀၀၄,၃၅၇) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၁ ရက်ည (၈) နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ဒီနေ့ထုတ်ပြန်တဲ့စာရင်းအရ ပိုးတွေ့နှုန်း၇ ဒဿမ ၉ ရာခိုင်နှုန်း၊ ဒီနေ့သေဆုံးနှုန်း ၂ ဒဿမ ၂ရာခိုင်နှုန်းရှိပါတယ်။’’ ဟုဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။

ယနေ့တွင် (၂၇)ဦးထပ်မံသေဆုံးခဲ့ပြီး ရောဂါအခံရှိသူ ၂၃ ဦးပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ COVID ရောဂါကူးစက်ခံရသူစုစုပေါင်း (၇၇,၈၄၈)ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁,၇၂၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၀၇၈)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၅၇,၆၇၉)ဦး ရှိလာခဲ့ကြောင်း သိရသည်။

ယမန်နေ့က ဓာတ်ခွဲနမူနာပေါင်း (၁၆,၉၉၉) ခု အားစစ်ဆေးခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပိုးတွေ့ရှိသူ(၁,၅၃၂)ဦးရှိခဲ့သဖြင့် ပိုးတွေ့ရှိမှုနှုန်း ၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ပိုးတွေ့ရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁,၁၄၂) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ(၁၁၁)ဦး၊ ၊ဧရာဝတီတိုင်းဒေသကြီးမှ(၇၇)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၆၉)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၃၇)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၅)ဦး၊ မွန်ပြည်နယ်မှ (၂၄)ဦး၊ ရခိုင်ပြည်နယ်မှ (၁၆)ဦး၊ ရှမ်းပြည်နယ်မှ (၁၆)ဦး၊ ကရင်ပြည်နယ်မှ (၇)ဦး၊ နေပြည်တော်မှ (၃)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၃)ဦး၊ ချင်းပြည်နယ်မှ (၁)ဦးနှင့် ကယားပြည်နယ်မှ (၁)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၅၃၂)ဦးတွင် အနံ့မရရှိသူ (၃၅၄)ဦးပါရှိကြောင်း သိရသည်။ (Xinhua)