Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိသူ လူနာ အရေအတွက် ရှစ်ဦးအထိ ရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း ဝတ်ဆင်ထားသူ တစ်ဦး လက်ဆေးကြောနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ရောဂါပိုးရှိသူ လူနာ သုံးဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ရောဂါပိုး ရှိသူ လူနာ အရေအတွက်မှာ ရှစ်ဦး အထိ ရှိလာခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သူ သုံးဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦး နှင့် နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကာ ယင်းဓာတ်ခွဲအတည်ပြုလူနာ (၃)ဦးအား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား တစ်ဦးသည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မတ် ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရှိရသဖြင့် ၎င်းအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် မတ် ၂၆ ရက်မှ စ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း ၊ အဆိုပါလူနာထံမှ မတ် ၂၆ ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် မြို့) သို့ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၇ ရက်တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် မတ် ၂၅ ရက်မှ စတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ် ၂၆ ရက်တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိကြောင်း ၊ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်းသိရှိရကြောင်း ၊ မတ် ၂၆ ရက်တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၇ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် မတ် ၁၇ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် မတ် ၁၈ ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် မတ် ၂၂ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၂၆ ရက်တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း ၊ အဆိုပါလူနာထံမှ မတ် ၂၆ ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ မတ် ၂၇ ရက်တွင် ထုတ်ပြန်သောဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း ၊ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် မတ် ၁၃ ရက်တွင်  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ စတင်၍ ရောဂါပိုး ရှိသူများကို စတင် စစ်ဆေးတွေ့ရှိခဲ့ပြီး ယနေ့ မတ် ၂၈ ရက် နံနက် (၀၀:၁၅) နာရီ အထိ စုစုပေါင်း လူနာ ၈ ဦးထံတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  (Xinhua)