Connect with us

MYANMAR

YBS ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ COVID-19 ရောဂါကူးစက်မှုမရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ COVID-19 ရောဂါကူးစက်မှုမရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာကို မတ် ၂၈ ရက်တွင်ပြောသည်။

ဒေါက်တာမောင်အောင်က “ကျန်းမာရေးဝန်ကြီးဌာန ကပေးတဲ့ညွှန်ကြားချက် တွေ ကိုYRTA အနေနဲ့ ဖြန့်ဝေပေးတယ်။ YBS ယာဉ်လိုင်းတွေ ကိုသန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားထားတယ်။ YBS ယာဉ်လိုင်းတွေ က သူ့ဘာသာ သန့်ရှင်းရေးလုပ်နေပါတယ်။  လက်သန့်ဆေးရည် တွေ ထားပေးတယ်။ YCDC နဲ့ ပေါင်း ပြီး မှတ်တိုင်တွေ မှာ ဆေးဖျန်းဖို့လည်း ညှိနှိုင်းနေပါတယ်။ လက်ဆေး ဘေစင်တွေ ကို ဘတ်စ်ကားမှတ်တိုင်အများစုမှာ ထားပေးထားတယ်’’ ဟုပြောသည်။

YBS ယာဉ်လိုင်းကုမ္ပဏီများ အနေဖြင့်လည်း မော်တော်ယာဉ် တစ်စီး ထွက်ခွာမည်ဆိုပါက ခရီးစဉ် မှတ်တမ်းရေးသွင်းခြင်းစသည့် နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပုံမှန်အတိုင်း YRTA သို့ သတင်းပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ YRTA အနေဖြင့် COVID-19 ရောဂါကို တားဆီး ကာကွယ် နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊YBS ယာဉ်လိုင်းကုမ္ပဏီများရှိ မော်တော်ယာဉ်များမှာလည်း နေ့စဉ် ယာဉ်စီးရေစဉ်ဆက်မပြတ်စေရန် ပြေးဆွဲလျက်ရှိကြောင်း သိရ သည်။

YBS ၅၈ ယာဉ်လိုင်းမှ တာဝန်ရှိသူ ဦးလှဌေးက “YRTA က အဆင်မပြေတာ တွေ တင်ပြဆိုလို့ တင်ပြထားတာတွေ ရှိပါတယ်။ လက်ရှိကတော့ ကားတွေပေါ်မှာ ကျွန်တော်တို့ အနေနဲ့ ရုံးအပိုင်း၊ YBS အပိုင်း အပိုင်း ၂ ပိုင်း နဲ့ ဆောင်ရွက်နေပါတယ်။ Hand Gel တွေ ဖြန့်ဝေပေးတာ၊ လက်ဆေးဆပ်ပြာတွေပေးတာအပြင် အခုတိုးမြှင့်ပြီး ကားပေါ်မှာ အရက်ပျံဖျန်းတာတို့၊ ထိုင်ခုံတွေ မှာ ဒက်တောဖျန်းပေးတာတွေ လုပ်ပေးတယ်။ ရုံးပိုင်းမှာ ပိုက်ဆံရေတွက်တဲ့ ငွေပိုင်း လုပ်ပေးနေတယ်။ ပြည်သူတွေ ကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာ တွေ ဆောင်ရွက်နေပါတယ်။ ၂၃ ရက် လောက်ကစပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

COVID-19 ဖြစ်ပွားပြီးနောက် ခရီးသည် အရေအတွက် ၅၀ ရာခိုင်နှုန်းလျော့ကျသွားကြောင်း ဦးလှဌေးကဆိုသည်။ 

YBS ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို မတ် ၂၇ ရက်မှ စ၍ ဧပြီ ၃၀ ရက်အထိ တစ်လကျော်ကြာ ကင်းလွတ် ခွင့်ပြုထားကြောင်းလည်း ဒေါက်တာမောင်အောင် ၏ ပြောကြားချက်အရ သိရသည်။  (Xinhua)