Connect with us

MYANMAR

COVISHIELD COVID-19 ရောဂါကာကွယ်ဆေး ၁.၅ သန်းအား ဇန်နဝါရီ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စတင်ဖြန့်ဝေသွားမည်

COVISHIELD ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVISHIELD COVID-19 ရောဂါကာကွယ်ဆေး ၁.၅ သန်း မြန်မာနိုင်ငံသို့ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းကာကွယ်ဆေးများအားလက်ခံပြီးနောက် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရေးဆီသို့ သယ်ဆောင်၍ ဇန်နဝါရီ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စတင်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၂၂ ရက်တွင် မီဒီယာများအားပြောကြားခဲ့သည်။

“ကာကွယ်ဆေးထိုးမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အရင်ကတော့ သင်တန်းတွေက အကြိမ်ကြိမ်ရရှိပြီးသားပါပဲ။ အခုလည်း မနက်ဖြန်ကစပြီး သင်တန်းပေးသွားမှာပါ။ သင်တန်းပေးပြီးရင် ဦးစားပေးအလိုက်ထိုးသွားမှာပါ။ ဦးစားပေးကတော့ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေး တွေမှာ ရှေ့တန်းတွေမှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ နိုင်ငံအတွက် အရေးကြီးတဲ့သူတွေ ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်မယ့် သူတွေ ကိုလည်း ကျွန်တော်တို့ ထိုးပေးသွားမှာပါပဲ။ နောက်တစ်ခုက COVID-19 ကူးစက်လွယ်တဲ့ အုပ်စုတွေ၊ အသေအပျောက်များမယ့် အုပ်စုတွေကို ဦးစားပေးအစီအစဉ်အနေနဲ့ ဒီလမကုန်ခင်မှာပဲ စထိုးသွားဖို့ ပြင်ဆင်နေပါတယ်။” ဟု ဒေါက်တာထွန်းမြင့် က ပြောကြားခဲ့သည်။

COVISHIELD ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-MOI) 

COVISHIELD ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- MOI) 

ကာကွယ်ဆေးသည် ရောဂါဖြစ်ပြီး တစ်နှစ်အတွင်း ပေါ်လာခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံမှ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရောဂါကူးစက်မှုကို လျှော့ချနိုင်ကြောင်း၊ ရောဂါပြင်းထန်မှုကိုလည်းလျှော့ချနိုင်ကြောင်း ဆိုသည်။ 

“ကာကွယ်ဆေးထိုးပြီးတဲ့ ပထမတစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ်ကြားထဲမှာ ကာကွယ်ရေးနည်းလမ်းတွေ ပိုပြီး လိုက်နာရပါမယ်။ ဒုတိယ အကြိမ်ထိုးပြီးရင်လည်း ၂ ပတ်လောက်ကြာမှ ကိုယ်ခံအားတွေ တက်လာမှာဖြစ်လို့ ဆေးအာနိသင်အပြည့်အဝရအောင် ဂရုစိုက်သွားဖို့လည်း လိုပါတယ်။ ဒီဆေးက ပြောနိုင်တာကတော့ COVID-19 ရောဂါပြီးဆေးမဟုတ်ဘူးဆိုတာတော့ ပြည်သူလူထုကိုပြောချင်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ဆက်ပြောသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက COVID-19 ကာကွယ်ဆေးများ ဆက်လက်၍ ရောက်ရန်ရှိကြောင်း၊ ဦးစားပေးအဆင့်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အဓိကကျသည့် အစိုးရအဖွဲ့မှဝန်ထမ်းများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် Stay at Home နေရာများသို့ ကာကွယ်ဆေး အများဆုံးထိုးမည်ဖြစ်ကြောင်း ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၂၂ ရက်တွင်ပြောသည်။

“Stay at Home မြို့နယ်က အခုနောက်ဆုံးအချိန်အထိဆိုရင် မြို့နယ် ၇၀ ရှိပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ဖားကန့် ၊ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်လုံးဆက်ရှိပါသေးတယ်။ ပဲခူးတိုင်းဒေသကြီးက ပဲခူးမြို့နယ်တစ်ခု၊ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးက ၇ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက ကိုကိုးကျွန်းက လွဲပြီး ကျန်တဲ့ ၄၄ မြို့နယ်က Stay at Home မြို့နယ်တွေ ဖြစ်ပါတယ်။ မြို့နယ် ၇၀ လုံးမှာ ဆိုရင် လူဦးရေက ၁၁ သန်းဖြစ်လို့ ကာကွယ်ဆေးရရှိမှုပေါ်မူတည်ပြီး ထိုးပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေလည်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဘေးကင်းလုံခြုံစွာ ကာကွယ်ဆေးထိုးနိုင်ရန် စီစဉ်ထားကြောင်း၊ ယင်းကာကွယ်ဆေးသည် ၆၂ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်း အထိ ထိရောက်မည့် အာနိသင်ရှိနိုင်ကြောင်း၊ ကာကွယ်ဆေး မထိုးခင်နှင့် ထိုးပြီးလိုက်နာရမည့် အချက်များအားထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးကဆိုသည်။

“ကာကွယ်ဆေးမထိုးခင်မှာ ရောဂါရာဇဝင်မေးတာတို့၊ ဓာတ်မတည့်တဲ့ ဆေးမေးတာတို့ကိုလည်း စနစ်တကျ လုပ်ဆောင်မှာဖြစ်လို့ ကာကွယ်ဆေးထိုးပြီးရင်လည်း နာရီဝက်အနည်းဆုံး ထားပြီးစောင့်ကြည့်မယ်။ ကာကွယ်ဆေး ထိုးသူတွေကိုလည်း အီလက်ထရောနစ်စနစ်နဲ့ မှတ်တမ်းတင်ပြီး သေသေချာချာ လုပ်ထားဖို့ အထိ ပြင်ဆင်ထားပါတယ်။ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ကာကွယ်ဆေးထိုးပြီးပါက နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းနှင့် လူစုလူဝေးရှောင်ရှားခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)