Connect with us

MYANMAR

၂၄နာရီအတွင်း COVID-19ရောဂါဖြစ်ပွားသူ ၄၃၄ ဦးနှင့် သေဆုံးသူ ၇ ဦးရှိ

ပုံစာ - ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ ၂၄နာရီအတွင်း COVID-19ရောဂါဖြစ်ပွားသူ ၄၃၄ ဦးနှင့် သေဆုံးသူ ၇ ဦးရှိကြောင်း ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုသည် ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ၂ဒသမ ၆ရာခိုင်နှုန်းရှိပြီး ရောဂါပိုးတွေ့ရှိမှုမှာ ၁၀ ရက်ဆက်တိုက် ၂ရာခိုင်နှုန်းကျော်သာ ရှိခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ၌ COVID-19ရောဂါစတင်ကူးစက်လာချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၃၈,၈၀၂ ဦးအနက် ၃၀၈၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် COVID-19ရောဂါဖြစ်ပွါးရာမှ ယနေ့(ဇန်နဝါရီ ၂၇ ရက်)ထိ ဆင်းရုံ ဆင်းခွင့်ရရှိသူ ပေါင်း ၁၂၃,၁၇၀ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်း မှ ၈၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိသောကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါရှိသူများ ရှိနေနိုင်ပြီး မည်သူထံတွင် ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်ကြောင်း ၊ သို့ဖြစ်၍ COVID-19 ကာကွယ်ရေးနည်းလမ်းများကို မိသားစုဝင်အချင်းချင်း ၊ မိတ်ဆွေအချင်းချင်း ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း အသိပေးခြင်း နှင့် သတိပေးခြင်းများကို အမြဲတမ်း ပြုလုပ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှု များပြားနေဆဲ ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုင်ငံအချို့တွင်လည်း ကူးစက်ဖြစ်ပွားမှုများ ပြန်လည်များပြားလာနေသည်ကို တွေ့ရှိနေရကြောင်း ၊ မြန်မာနိုင်ငံ၌ ထိုသို့ မဖြစ်ရေး အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.