Connect with us

MYANMAR

COVID-19 ရောဂါပိုး ရှိသူ ၁၆ ဦးမြောက် လူနာအား ထပ်မံ စစ်ဆေးတွေ့ရှိ

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် ပိုးသတ်ဆေးဖြန်းနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ရောဂါပိုးရှိသူ လူနာ တစ်ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီးနောက် COVID-19 ရောဂါပိုးရှိသူ လူနာ အရေအတွက်မှာ စုစုပေါင်း ၁၆ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ယခု COVID-19 ရောဂါပိုးတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်အရွယ်ရှိအမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး မတ် ၁၅ ရက်တွင် ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ကြောင်း ၊ ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ မတ် ၃၀ ရက်တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ မတ် ၃၁ ရက်တွင် တက်ရောက် ကုသမှုခံယူခဲ့ကြောင်း ၊ အဆိုပါလူနာ အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်းလူနာအား ဝေဘာဂီအထူးကု ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၅) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၄) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း နှင့် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်ှ နှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)