Connect with us

MYANMAR

COVID-19 တိုက်ဖျက်ရေးကာလတွင် သီးနှံထုတ်လုပ်မှုစွမ်းအား လျော့ကျမသွားစေရန် ဆောက်ရွက်လျက်ရှိ 

စပါးစိုက်ပျိုးနေသူလယ်သူမလေးတစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) 

COVID-19 တိုက်ဖျက်ရေးကာလတွင် သီးနှံထုတ်လုပ်မှုစွမ်းအား လျော့ကျမသွားစေရန် တောင်သူ လယ်သမားများအနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေး နည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအခြေ စိုက်နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင်မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံရယူနိုင်ပါကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် (အဖွဲ့ဝင်) ဦးမျိုးတင့်ထွန်း က ဆင်ဟွာ ကို ဧပြီ ၂ ရက် တွင်ပြောသည်။

ထို့ပြင်  စိုက်ပျိုးရေးဦးစီးဌာန ၏ Call Center Hot Line ဖုန်းနံပါတ် – ၀၁-၂၃၉၉၅၅၅ သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ဦးမျိုးတင့်ထွန်းက “COVID-19 ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျော့မသွားအောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ လုပ်သားရှားပါးတဲ့ အခါ လိုအပ်ရင် စက်နဲ့ထွန်ယက်စိုက်ပျိုးပေးဖို့ လုပ်ပေးသွားဖို့ ရှိတယ်။ စိုက်ပျိုးတောင်သူတွေ အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက် တွေ ကိုလိုက်နာဖို့ လိုပါမယ်။ ပြည်တွင်းမှာစားသုံးသီးနှံတွေ လျော့မသွား ဖို့ သီးနှံတွေ အန္တရာယ် ကင်းကင်းနဲ့ ဆက်ပြီး စိုက်ပျိုးထုတ်လုပ် နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟုပြောသည်။ 

နိုင်ငံ၏အခြေခံစားနပ်ရိက္ခာဖြစ်သော ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမကျဆင်းစေရေး၊ အထွက်နှုန်း ကောင်းမွန်ရေး၊ ဈေးကွက်ခိုင်မာစွာ ရရှိရေးတို့အတွက် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာအကူအညီ ရရှိရေးတို့ကို စိုက်ပျိုးရေး ဦးစီးဌာနမှ ကူညီချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် (၂၆)သန်းကျော် စိုက်ပျိုးထုတ်လုပ်ထားရှိခဲ့ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်မှာ တစ်နှစ်လုံး အတွက် စပါးတန်ချိန်(၁၅)သန်းကျော်သာဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူ များ နေ့စဉ်စားသုံးနေသည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူး စသည့် စားဖိုဆောင်သီးနှံများ ထုတ်လုပ်ထွက်ရှိမှုအနေဖြင့်လည်း ပြည်တွင်း စားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသည့်အခြေအနေတွင် ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)