Connect with us

MYANMAR

COVID-19 ရောဂါပိုး ရှိသူ လူနာ ခုနှစ်ဦး  ထပ်မံ စစ်ဆေးတွေ့ရှိ ၊ စုစုပေါင်း ၃၈ ဦးထိ ရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ရှိသူ လူနာ ခုနှစ်ဦး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁၂ ရက် နံနက် ၂ နာရီ တွင် ထုတ်ပြန်ခဲ့ပြီး ရောဂါပိုး ရှိသူ လူနာ အရေအတွက် စုစုပေါင်း ၃၈ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြုလူနာ (Case-032) မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက်  (၃၈)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး မတ် ၂၃ ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် မတ် ၂၈ ရက်နေ့တွင် လှည်းကူးပြည်သူ့ဆေးရုံသို့ သွားရောက် ပြသခဲ့ကြောင်း ၊  ၎င်းတွင် လွန်ခဲ့သော (၃)လခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည့် ရာဇဝင်ရှိသဖြင့် စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြုလူနာ (Case-033) မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အသက် (၂၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ဧပြီ ၇ ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်နေ့တွင်  အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-034) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ  အသက် (၂၀)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ဧပြီ ၈ရက်မှ စတင်၍ ဖျားခြင်း၊ လည်ချောင်း နာခြင်းတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ ခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း သိရသည် ။

ဓာတ်ခွဲအတည်ပြုလူနာ (Case-035) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ  အသက် (၂၄)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ဧပြီ ၈ ရက်မှ စတင်၍ အသက်ရှူကြပ်ခြင်း၊ လည်ချောင်းနာခြင်းတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ ခြင်း ဖြစ်ကြောင်း ၊ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြုလူနာ (Case-036) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၃၃)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ဧပြီ ၈ ရက်မှ စတင်၍ ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ နှာရည်ယိုခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် ဧပြီ ၁၀ ရက်တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာ အဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၊   ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြုလူနာ (Case-037) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ  အသက် (၄၄)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ဧပြီ ၈ ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်းတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ ခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-038) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၇၈)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး  မတ် ၂၆ ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ဝမ်းသွားခြင်းတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းတွင် သွေးတိုးရောဂါအခံရှိကြောင်း သိရှိရပြီး လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများဖြစ်သော (Case-034) ၊ (Case-035) ၊ (Case-036) နှင့်  (Case-037) တို့သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိသည်ဟု သိရှိရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ထပ်မံတွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၇)ဦး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့၍ ဆေးကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၂ ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)