Connect with us

MYANMAR

COVID-19 ရောဂါကာလ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမှု စစ်ကိုင်းတိုင်းဒေသကြီး၌ အများဆုံးဖြစ်

COVID-19 ရောဂါကာလ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမှု စစ်ကိုင်းတိုင်းဒေသကြီး၌ အများဆုံးဖြစ်

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

COVID-19 ရောဂါအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း လိုက်နာမှုမရှိသော ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားမှုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

“ တိုင်းနဲ့ပြည်နယ်တွေမှာ လိုက်နာမှုမရှိတဲ့လူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ ချက်ချင်းအရေးယူပါတယ်၊ အလုပ်နဲ့ထောင်ဒဏ် ၆လကနေ တစ်နှစ်ထိ အရေးယူထားပါတယ်၊ ဒီထဲမှာ စစ်ကိုင်းတိုင်းထဲမှာတော့ ဒီအမှုနဲ့ အရေးယူတာ အများဆုံးပါ”ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားမှု ၁၃မှုရှိပြီး အလုပ်နှင့် ထောင်ဒဏ် ၆လ ချခံရမှု ၁၀မှုနှင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချခံရမှု ၃မှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က ဆင်ဟွာသို့ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ COVID-19ရောဂါကာကွယ်ရေးနှင့် အများပြည်သူ လုံခြုံရေးအတွက် ဆောင်ရွက်နေမှုများအား တွေ့ရစဉ်(စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့)

ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွေဘိုမြို့နယ်၌ ညွှန်ကြားချက်မလိုက်နာ၍ စားသောက်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၆လ၊ ဝက်လက်မြို့နယ်၌ စောင့်ကြည့်လူနာမှ ညွှန်ကြားချက်မလိုက်နာဘဲ ထွက်ပြေးခြင်းကြောင့် အဆိုပါ အမျိုးသားတစ်ဦးကို အလုပ်နှင့်ထောင် ၆လ၊ ခင်ဦးမြို့နယ်၌ ထုတ်ပြန်ထားသည့်အမိန့်အား လိုက်နာမှုမရှိဘဲ အလှူပွဲအား လူစုလူဝေးဖြင့် ကျင်းပခြင်းကြောင့် အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၆လ၊ ရေဦးမြို့နယ်အတွင်း စောင့်ကြည့်လူနာမှ ညွှန်ကြားချက်မလိုက်နာဘဲ ထွက်ပြေးခြင်းကြောင့် အမျိုးသားတစ်ဦးကို အလုပ်နှင့်ထောင် ၆လ၊ ဒီပဲယင်းမြို့နယ်၌ တာဝန်ပေးအပ်ထားရာ တာဝန်ပျက်ကွက်သော ဆယ်အိမ်မှူးတစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၆လ၊ ကန့်ဘလူမြို့နယ်တွင် COVID-19ရောဂါ စောင့်ကြည့်နယ်မြေအတွင်း တုတ်၊ ဓားကိုင်ဝင်ရောက်ဆဲဆိုနှောင့်ယှက်ခြင်းကြောင့် အမျိုးသားတစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်၊ ကျွန်းလှမြို့နယ်၌ ထုတ်ပြန်ထားသည့်အမိန့်အား လိုက်နာမှုမရှိဘဲ မင်္ဂလာပွဲအား လူစုလူဝေးဖြင့် ကျင်းပခြင်းကြောင့် အမျိုးသားနှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၆လ၊ အရာတော်မြို့နယ်၌ ကျေးရွာကျန်းမာရေးစောင့်ရှောက်ပေးရေးအဖွဲ့အား ဆဲဆိုခြိမ်းခြောက်ခြင်းကြောင့် အမျိုးသား နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၆လ၊ ယင်းမာပင်ခရိုင်၌ စောင့်ကြည့်နယ်မြေအတွင်း တားမြစ်ချက်များအား လိုက်နာခြင်းမရှိခြင်းကြောင့် လူနာစောင့် အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်၊အလားတူ စောင့်ကြည့်နယ်မြေအတွင်း အရက်သောက်စားပြီး လာရောက်နှောင့်ယှက်ခြင်းကြောင့် အမျိုးသားတစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၆လ၊ ပုလဲမြို့နယ်၌ စောင့်ကြည့်လူနာမှ ညွှန်ကြားချက်နှင့် အညီနေထိုင်မှုမရှိခြင်းကြောင့် အမျိုးသားတစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၆လ၊ တမူးမြို့နယ်၌ ထုတ်ပြန်ထားသည့်အမိန့်အား လိုက်နာမှုမရှိဘဲ မင်္ဂလာပွဲအား လူစုလူဝေဖြင့် ကျင်းပခြင်းကြောင့် အမျိုးသား တစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် ၆လ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

“ COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ရက်ကို နေရာ ၇၆နေရာကနေ နေရာ ၈၀ကျော်လောက်ထိ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးဆောင်ရွက်မှုတွေလုပ်နေပါတယ်၊ ပူးပေါင်းပါဝင်တာတွေများပါတယ်၊ ဒါပေမယ့် တချို့ပြည်သူတွေ လိုက်နာမှုတွေလည်း အားနာတာတွေရှိပါတယ်၊ ဒီရောဂါကြီးနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ တိုင်းထဲက မြို့နယ်ပေါင်း ၃၀ကျော်မှာ ဒီရောဂါကြီးနဲ့ ပတ်သတ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ရဲမှူးကြီး လှိုင်တင့်က ဆိုသည်။

အဆိုပါ ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ရခိုင်ပြည်နယ် ရမ်းပြဲမြို့နယ်တွင် တစ်ဦး၊ မြန်အောင်မြို့နယ်တွင် ၂ ဦး မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံတွင် တစ်ဦး၊တံတားဦးမြို့နယ်တွင် တစ်ဦး၊ မိုးကုတ်မြို့နယ်တွင် ၂ဦး၊ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တစ်ဦး၊ ဇလွန်မြို့နယ်တွင် တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် တစ်ဦး၊ သနက်ပင်မြို့နယ်တွင် တစ်ဦး၊ သာယာဝတီမြို့နယ်တွင် တစ်ဦး တို့အား အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)