Connect with us

MYANMAR

ဆေးဝါးများနှင့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်

သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာချက်အား တွေ့ရစဉ်(စီးပွားကူးသန်းဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်း သက်သာစေရေးအတွက် ဆေးဝါးများနှင့် ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် ဧပြီ ၁၁ ရက်မှစ၍ သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကျန်းမာရေးတိုးတက် မြင့်မားမှုကို အထောက်အကူပြုရေး၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး၊ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးတို့အတွက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၂၅-၂- ၁၉၉၃ ရက်စွဲပါ အမိန့်အမှတ် ၅/၉၃ ဖြင့် ဆေးဝါးပစ္စည်း ၃၆ မျိုးနှင့် ယင်းဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ တင်သွင်းမှုအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂-၇-၁၉၉၈ ရက်စွဲပါ အမိန့်အမှတ် ၁၀/၉၈ ဖြင့် ဆေးဝါးပစ္စည်း ၃၁ မျိုးနှင့် ယင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ တင်သွင်းမှုအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုကြောင်း အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၂၅-၂-၁၉၉၃ ရက်စွဲပါ အမိန့်အမှတ် ၅/၉၃ နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂-၇-၁၉၉၈ ရက်စွဲပါ အမိန့်အမှတ် ၁၀/၉၈ တို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရသည်။(Xinhua)